အမှန်တကယ်တွေ့မြင်ရဖို့ နီးစပ်လာတဲ့ (၆၄)သင်းယှဉ်ပြိုင်မယ့်ကမ္ဘာ့ဖလားပြိုင်ပွဲ

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း(၆၄)သင်းပြိုင်တဲ့ပြိုင်ပွဲအဖြစ် အသင်းဝင်အရေအတွက် တိုးမြှင့်ကျင်းပဖို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဥက္ကဋ္ဌ အလီယန်ဒရိုဒိုမင်ဂွက်ဇ်က တရားဝင်အဆိုပြုလိုက်ပါတယ်။

ဒါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ သူလက်ဝါးချင်းရိုက်ထားတာဖြစ်ပြီး အင်ဖန်တီနို အလိုရှိတဲ့အတိုင်း အလီယန်ဒရိုဒိုမင်ဂွက်ဇ်က အဆိုပြုပေးခဲ့တယ်ဆိုတာ ဘောလုံးလောကသားတွေက သဘောပေါက်ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဥက္ကဋ္ဌ အလီယန်ဒရိုဒိုမင်ဂွက်ဇ်

၁၉၃၀ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရာပြည့်နှစ်မှာ ကမ္ဘာပေါ်ကအသင်းတွေအများအပြားပါဝင်ခွင့်ရမယ့် ကြီးမားကျယ်ပြန့်တဲ့ပြိုင်ပွဲကြီးတစ်ခု ကျင်းပနိုင်ဖို့ အင်ဖန်တီနို ကြံစည်နေတာ ကြာခဲ့ပြီဖြစ်ပါတယ်။

အရင်ကတည်းက (၆၄)သင်းယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတဲ့အသံတွေက ကမ္ဘာ့ဘောလုံးလောကမှာ ပျံ့နှံ့ခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌဆယ်ဖာရင်အပါအဝင် တချို့ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအရည်အသွေးလျော့ကျသွားမှာ စိုးရိမ်စိတ်နဲ့ ဒီလို အသင်းအရေအတွက်တိုးမြှင့်တာကို ဆန့်ကျင်ခဲ့ကြပါတယ်။

အခု အကြိမ်(၈၀)မြောက် CONMEBOL ကွန်ဂရက်စ်မှာ အလီယန်ဒရိုဒိုမင်ဂွက်ဇ်က ဒီလိုကျင်းပဖို့အတွက် တရားဝင်အဆိုပြုတောင်းဆိုခဲ့တာပါ။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်၊ မော်ရိုကို၊ ပေါ်တူဂီနိုင်ငံတွေက အဓိကပူးတွဲအိမ်ရှင်နိုင်ငံတွေအဖြစ် ကျင်းပပြီး တောင်အမေရိကဇုန်က အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဥရုဂွေးနိုင်ငံတွေမှာလည်း ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ရာပြည့်အထိမ်းအမှတ်အဖြစ် အဖွင့်ပွဲ(၁)ပွဲစီ ထည့်သွင်းကျင်းပသွားဖို့ စီစဉ်ထားတာပါ။

တကယ်လို့ အသင်း(၆၄)သင်းပြိုင်ပွဲဖြစ်လာခဲ့ရင် တောင်အမေရိကဇုန်က (ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ကြိမ်မှ မအောင်ဖူးသေးတဲ့ဗင်နီဇွဲလားအပါအဝင်) အသင်း(၁၀)သင်းစလုံးယှဉ်ပြိုင်ခွင့်ရမှာပါ။ လက်ရှိခြေစစ်ပွဲယှဉ်ပြိုင်နေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတ​ော့ တောင်အမေရိကဇုန်က အသင်း(၆)သင်း(သို့မဟုတ်)(၇)သင်း ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

အသင်း(၆၄)သင်းပြိုင်ပွဲအဖြစ်ကျင်းပရင် ဗိုလ်လုပွဲအထိ ပွဲပေါင်း(၆၄)ပွဲနဲ့ကျင်းပနေတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဟာ (Format အရ) ပွဲပေါင်း(၁၂၈)ပွဲအထိတွေ့မြင်ရမယ့် ပြိုင်ပွဲဖြစ်လာဖွယ်ရှိနေပါတယ်။