အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ စတူးဝပ်ပီယာ့စ်ဟာ အမေရိကန်နိုင်ငံက အင်္ဂလန်နိုင်ငံကို လေယာဉ်နဲ့အပြန် လမ်းမှာ ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေကို ကြုံတွေ့ရတာကြောင့် သူ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကို ကနေဒါနိုင်ငံမှာ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။
အသက်(၆၂)နှစ်အရွယ်ရှိတဲ့ စတူးဝပ်ပီယာ့စ်ဟာအမေရိကန်နိုင်ငံ လပ်စ်ဗီးဂတ်စ်မြို့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို အပြန် လေယာဉ်ပေါ်မှာ ဆိုးဆိုးရွားရွားရင်ဘတ်အောင့်တဲ့ဝေဒနာခံစားရပြီး သူ့ရဲ့အခြေအနေက အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့် သူစီးနင်းလာတဲ့ Boeing 787-9 Dreamline လေယာဉ်က လေယာဉ်အမှုထမ်းတွေက ကနေဒါနိုင်ငံ၊ စိန့်ဂျွန်မြို့လေဆိပ်မှာ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။
နော်တင်ဂမ်ဖောရက်စ်၊ မန်စီးတီး၊ အင်္ဂလန်ယူ-၂၁ အသင်းနဲ့ ဂရိတ်ဗြိတိန်အသင်းတွေရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ စတူးဝပ်ပီယာ့စ်ဟာ လပ်စ်ဗီးဂတ်စ်မှာ သူအားပေးတဲ့ Warrington Wolves ရပ်ဘီအသင်းရဲ့ပွဲကို သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ အခုလိုအရေးပေါ်အခြေအနေဖြစ်ခဲ့တာပါ။
သူနဲ့ သူ့ရဲ့ချစ်သူအမျိုးသမီးတို့ဟာ Dreamline လေယာဉ်ရဲ့ ပုံမှန်အတန်း(economy တန်း)မှာ စီးနင်းလိုက်ပါလာပြီး ဒီအခြေအနေဖြစ်ခဲ့တာကြောင့် ကနေဒါနိုင်ငံ၊ စိန့်ဂျွန်မြို့က ဆေးရုံမှာ ကျန်နေရစ်ခဲ့ရပါတယ်။
ခရီးသည် (၂၂၅)ဦးလိုက်ပါလာတဲ့လေယာဉ်က ကနေဒါကနေ လန်ဒန်မြို့ ဟိသရိုးလေဆိပ်ကို ဆက်လက်ထွက်ခွာလာခဲ့ပြီး ပုံမှန်ရောက်ရှိချိန်ထက် (၆)နာရီလောက် နောက်ကျခဲ့ကြောင်း သိရပါတယ်။
လေယာဉ်ပျံသန်းစဉ် အမြင့်ပေ(၃၀၀၀၀)လောက်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘာကြောင့်ဒီလို ရုတ်တရက်ဖြစ်ခဲ့သလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စတူးဝပ်ပီယာ့စ်ဟာ ၂၀၂၂ ခုနှစ်က ဝက်စ်ဟမ်းအသင်းမှာ နည်းပြဒေးဗစ်မွိုက်စ်ရဲ့နည်းပြအဖွဲ့ဝင်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ဘောလုံးဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
လက်ရှိမှာ သူ့အခြေအနေက တည်ငြိမ်နေပြီး ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ အနီးစပ်ဆုံးဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ Dreamline လေယာဉ်အမှုထမ်းတွေကို ကျေးဇူးတင်ရမှာပါ။
Discussion