အမေရိကန် ပဋိပက္ခလှိုင်းလုံးအောက်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲ

အမေရိကန် ပဋိပက္ခလှိုင်းလုံးအောက်က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲ

ရှေ့လာမယ့် စနေနေ့(ဇွန် ၁၄ ရက်)နဲ့ တနင်္ဂနွေနေ့(ဇွန် ၁၅ ရက်)မှာ စတင်ကျင်းပတော့မယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲတွေက အမေရိကန်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။

အထူးသဖြင့် ကမ္ဘာ့တစ်ဝန်းက ထိပ်တန်းကလပ်အသင်း(၃၂)သင်းနဲ့ ပုံစံသစ်ပြိုင်ပွဲအဖြစ် ပထမဆုံးကျင်းပပြီး အနိုင်ရတဲ့အသင်းကို ဆုကြေးပေါင်သန်း(၁၀၀)အထိချီးမြှင့်မယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက တစ်ကမ္ဘာလုံးက အားကစားမီဒီယာတွေ၊ ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်မယ့် ပြိုင်ပွဲပါ။

ကမ္ဘာ့တစ်ဝန်းက ကလပ်အသင်းတွေလာရောက်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲဖြစ်တာကြောင့် ပရိသတ်မျိုးစုံလာရောက်ကြမယ့်ပြိုင်ပွဲလည်းဖြစ်ပြီး လက်ရှိအမေရိကန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေက ပရိသတ်တွေရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာရှိနေပါတယ်။

အမေရိကန်နိုင်ငံ အနောက်ပိုင်းလော့စ်အိန်ဂျလိစ်မြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ပြုလုပ်နေရာကနေ ဆန္ဒပြသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တွေအကြား ထိပ်တိုက်ပဋိပက္ခတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး ဒီအဓိကရုဏ်းမီးတောက်ဟာ အခုအချိန်မှာတော့ လော့စ်အိန်ဂျလိစ်မြို့မှာသာမက အမေရိကန်နိုင်ငံတစ်ဝန်းက မြို့ကြီးများစွာကို ကူးစက်ခဲ့ပြီဖြစ်ပါတယ်။

နယူးယောက်၊ ဘော်စတွန်၊ ဆီယက်တဲလ်၊ ဖီလာဒဲလ်ဖီးယား၊ အတ္တလန်တာ၊ ဝါရှင်တန်ဒီစီ၊ ဒန်ဗာ၊ ဒဲလက်စ်၊ ဆော့လိတ်စီးတီး၊ ချီကာဂိုအစရှိတဲ့ မြို့ကြီးအသီးသီးမှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းကြပ်ရေးဋ္ဌာန(ICE)အပါအဝင် အမေရိကန်အစိုးရကို ဆန္ဒပြမှုတွေက အုံလိုက်ကျင်းလိုက်ဖြစ်ပေါ်နေပြီး ဒီဲမြို့တွေထဲမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြို့တွေ၊ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲကို (ကနေဒါနဲ့ ပူးတွဲ)အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်မြို့တွေ ပါဝင်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီအဓိကရုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အထူးတပ်ဖွဲ့ဝင် (၂၀၀၀)ကျော် တပ်ဖြန့်ဖို့ အမိန့်ထုတ်ထားသလို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို တစ်နေ့ (၃၀၀၀)ဦး နှုန်းဖမ်းဆီးဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံ(၁၂)နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပေးတာ အလုံးစုံရပ်ဆိုင်းတဲ့အမိန့်တရပ် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကြောင့် သူ့ရဲ့ပေါ်လစီအသစ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဒီအချိန်မှာ အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်နဲ့ ဒေသတွင်းဘောလုံးပြိုင်ပွဲကြီး(၂)ခုကို ကျင်းပရမယ့်အနေအထားက တာဝန်ရှိသူတွေအတွက် အတော်ကို ဦးနှောက်ခြောက်စရာလို့ ဆိုရမှာပါပဲ။ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက လော့စ်အိန်ဂျလိစ်၊ ဆီယက်တဲ၊ ဖီလာဒဲလ်ဖီးယား၊ အတ္တလန်တာ၊ ဝါရှင်တန်ဒီစီအစရှိတဲ့ မြို့ကြီးတွေအပါအဝင် မြို့ကြီး(၁၁)မြို့က ဘောလုံးကွင်း(၁၂)ကွင်းမှာ ဇွန်(၁၄)ရက်နေ့ကနေ ဇူလိုင်(၁၃)ရက်နေ့အထိ (၁)လတိတိကျင်းပသွားမှာပါ။

ပြိုင်ပွဲဒုတိယနေ့ ဇွန်လ(၁၅)ရက်နေ့မှာ ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ နာမည်ကျော် Rose Bowl ကွင်းမှာ အုပ်စုအဖွင့်ပွဲကို ကစားကြမှာဖြစ်ပြီး ဒီကွင်းရှိရာ Pasadena မြို့က ဒီဇွန်လ အမေရိကန်အဓိကရုဏ်းမီးစတင်လောင်ကျွမ်းရာ လော့စ်အိန်ဂျလိစ်နဲ့ (၁၁)မိုင်သာဝေးကွာပါတယ်။

လော့စ်အိန်ဂျလိစ်က အမေရိကန်နိုင်ငံက မြို့ကြီးတွေထဲမှာ ပဋိပက္ခတွေ စတင်ဖြစ်ပေါ်ရာမြို့ဖြစ်သလို အခုအချိန်မှာ နာမည်ကျော် လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့(LAPD)နဲ့ လူထုကြားတင်းမာမှုက အဆိုးရွားအပြင်းထန်ဆုံးအချိန်လို့ ဆိုရမှာပါ။ LAPD ရဲကားတွေကို ဆန္ဒပြလူထုက မီးရှို့ဖျက်ဆီးတဲ့ဗီဒီယိုဖိုင်တွေ ဆိုရှယ်မီဒီယာမှာ ပျံနှံ့နေသလို ရဲကားတစ်စီးက လူအုပ်ကိုကားနဲ့တိုက်ရုံမက လူတစ်ချို့ကို တက်ကြိတ်သွားတဲ့ဗီဒီယိုဖိုင်ကလည်း မြင်တွေ့ရသူတိုင်းကို တုန်လှုပ်စေပြီး ဒီပဋိပက္ခနဲ့ပတ်သက်သူတွေကို သွေးဆူစေမှာ အမှန်ပါပဲ။

0:00
/0:08

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရန်ဘတ်စ်က မြို့ပတ်လည်မှာ ည(၈)နာရီကနေ မနက်(၆)နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ဒီမြို့ကဟိုတယ်တွေမှာတည်းခိုမယ့် အက်သလက်တီကိုအသင်းအပါအဝင် ကလပ်အသင်းတချို့က ဒေသန္တရစည်းမျဉ်းတွေကို လိုက်နာနေထိုင်ရမှာပါ။

ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းကစားရမယ့်အုပ်စုပွဲ(၃)ပွဲစလုံးကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်စောင့်ကြပ်နေတဲ့ဧရိယာထဲက ဘောလုံးကွင်းတွေမှာ ကစားရမှာပါ။

ဒါကြောင့် ပြိုင်ပွဲကာလအတွင်း ဘယ်လို အန္တရာယ်တွေ၊ ဘယ်လို ခြိမ်းခြောက်မှုတွေကို ကြုံတွေ့ရမယ်ဆိုတာမသိရပေမယ့် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုကတော့ အမေရိကန်မှာ ကျင်းပမယ့်ဘောလုံးပြိုင်ပွဲတွေအတွက် သူ့အနေနဲ့ စိုးရိမ်ပူပန်မှုမရှိဘူးလို့ဆိုခဲ့ပြီး ပြိုင်ပွဲလာပရိသတ်တွေရဲ့လုံခြုံရေးအတွက်လည်း အာမခံချက်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲလာရောက်ယှဉ်ပြိုင်မယ့် မက္ကဆီကိုအသင်းကတော့ ဆိုးရွားပြင်းထန်တဲ့ အဓိကရုဏ်းတွေကြောင့် လော့စ်အိန်ဂျလိစ်မြို့မှာ မူလတည်းခိုဖို့ စီစဉ်ထားတဲ့ဟိုတယ်မှာ မတည်းခိုတော့ဘဲ အခြားဟိုတယ်တစ်ခုကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက စိုးရိမ်ပူပန်စရာမရှိဘူးလို့ ဘယ်လိုပဲပြောပြော ဒီအဓိကရိုဏ်းက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲတွေကို အနည်းနဲ့အများ ရိုက်ခတ်နေပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့်အသင်းတွေ၊ လာရောက်သတင်းယူမယ့်မီဒီယာတွေ၊ ပွဲကြည့်ပရိသတ်တွေအတွက် စိတ်လုံခြုံမှုကင်းမဲ့စရာအခြေအနေလို့ ဆိုရမှာပါ။

အမေရိကန်နိုင်ငံမှာ ဒီဇွန်၊ ဇူလိုင်လတွေအတွင်း ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲတွေအပြင် ပရီးမီးယားလိဂ်အသင်းတချို့ ယှဉ်ပြိုင်ကြမယ့် Premier League Summer Series ပြိုင်ပွဲ၊ ဥရောပကလပ်အသင်းတချို့ရဲ့နွေရာသီခြေစမ်းခရီးစဉ်တွေလည်းရှိနေတာကြောင့် အဓိကရုဏ်း၊ ပဋိပက္ခလှိုင်းလုံးတွေအောက်မှာ ဘယ်လိုကမောက်ကမအခြေအနေတွေကို ကြုံတွေ့ရမလဲဆိုတာကတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရမှာပါပဲ။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ