အန်ဆယ်လော့တီကို ဘရာဇီးလ်နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကြေညာ
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ဒီရာသီလာလီဂါပြိုင်ပွဲပြီးဆုံးမယ့် မေ(၂၆)ရက်မှာ ဘရာဇီးလ်အသင်းနည်းပြရာထူးကို တရားဝင်စတင်ကိုင်တွယ်သွားမှာပါ။
အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းရဲ့ပထမဆုံးနိုင်ငံခြားသားနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်း ဒိုရီဗယ်လ်ဂျူနီယာရဲ့နေရာမှာ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာပါ။ အစောပိုင်းက ကိုင်တွယ်မယ့်ရက်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ကာ ဒီရာသီလာလီဂါဆုဖလားကို လက်လွှတ်ရဖို့ နီးစပ်သွားပြီး တစ်ရက်မပြည့်သေးမီမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချူပ်ဟာ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့တာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်တစ်နှစ်ကျန်ရှိနေသေးတဲ့ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီမှုရယူနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ဇွန်မှာကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဘရာဇီးလ်အသင်းကို နည်းပြသစ်အဖြစ်ကိုင်တွယ်ပြီး ခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ပေးရတော့မှာပါ။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ လေဗာကူဆင်အသင်းက ထွက်ခွာမယ့် ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်သွားမှာဖြစ်ပါတယ်။