ဒီရာသီ ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲမှာ နယူးကာဆယ်အသင်းဗိုလ်စွဲခဲ့တာကြောင့် နယူးကာဆယ်အသင်းရဲ့ အင်္ဂလိပ်လူမျိုးနည်းပြအက်ဒီဟောင်းက ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါက နှစ်ပေါင်း(၁၇)နှစ်ကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ်လူမျိုးနည်းပြတစ်ဦးက အဓိကဆုဖလားတစ်လုံးကို ပထမဆုံးပြန်ကိုင်မြှောက်နိုင်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ပို့စ်မောက်အသင်းကို အင်္ဂလိပ်လူမျိုးနည်းပြတစ်ဦးဖြစ်သူ ဟယ်ရီရက်ပ်နက်က FAဖလားရယူပေးခဲ့ပြီးနောက် ဘယ်အင်္ဂလိပ်လူမျိုးနည်းပြမှ ပရီးမီးယားလိဂ်မှာ ဆုဖလားမကိုင်မြှောက်နိုင်တော့ဘဲ အခုမှ အက်ဒီဟောင်းက ပထမဆုံးဆုဖလားကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲက ကမ္ဘာ့ရေပန်းအစားဆုံးလိဂ်ပြိုင်ပွဲဖြစ်နေပြီး အင်္ဂလန်လက်ရွေးစင်အသင်းက တစ်ကမ္ဘာလုံးစိတ်ဝင်စားခြင်းခံနေရပေမယ့် အင်္ဂလိပ်လူမျိုးနည်းပြတွေကတော့ ဆုဖလားတွေ ခမ်းခြောက်နေတယ်လို့ ဆိုရလောက်အောင် ဆုဖလားအောင်မြင်မှုတွေနဲ့ ကံမစပ်တာဖြစ်ပါတယ်။

ဟယ်ရီရက်နက်အရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆုဖလားကိုင်မြှောက်နိုင်တဲ့နည်းပြက ၂၀၀၄ ခုနှစ်မှာ မစ်ဒယ်ဘရော့အသင်းကို လိဂ်ဖလားရယူပေးခဲ့တဲ့ မက်ကလာရင်ဖြစ်ပါတယ်။ (၂၁)ရာစုနှစ်မှာ ပရီးမီးယားလိဂ်အသင်းတွေကို ဆုဖလားရယူပေးနိုင်တဲ့အင်္ဂလိပ်လူမျိုးနည်းပြဆိုရင် ဒီနည်းပြ(၃)ဦးကိုသာ ပြရမှာဖြစ်ပါတယ်။

ပြည်ပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ(အရင် ဥရောပဖလား)မှာ ၁၉၈၄ ခုနှစ်နောက်ပိုင်း အင်္ဂလန်လူမျိုးနည်းပြကိုင်တွယ်တဲ့အသင်း ဗိုလ်စွဲခြင်းမရှိသလို ယူရိုပါလိဂ်ပြိုင်ပွဲ(အရင် UEFA ဖလား)မှာလည်း ၁၉၈၄ ခုနှစ်နောက်ပိုင်း အင်္ဂလိပ်လူမျိုးနည်းပြကိုင်တွယ်တဲ့အသင်း ဗိုလ်စွဲခဲ့ဖူးခြင်းမရှိပါဘူး။

၁၉၉၂-၉၃ ရာသီက စတင်ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတောင် အင်္ဂလိပ်လူမျိုးနည်းပြတစ်ဦးဦးက ချန်ပီယံဆုရယူဖူးခြင်းမရှိသေးကို တွေ့ရမှာပါ။

FA ဖလားပြိုင်ပွဲမှာလည်း ဟယ်ရီရက်နက်ကလွဲလို့ (၂၁)ရာစုမှာ ဒီဖလားကို ကိုင်မြှောက်ဖူးတဲ့ အင်္ဂလိပ်လူမျိုးနည်းပြမရှိသေးတာပါ။

လိဂ်ဖလားပြိုင်ပွဲမှာလည်း (၂၁)ရာစုမှာ ဒီဖလားကို ကိုင်မြှောက်ဖူးတဲ့ အင်္ဂလိပ်လူမျိုးနည်းပြက မက်ကလာရင်နဲ့ ဒီနှစ်မှာရရှိတဲ့ အက်ဒီဟောင်းတို့သာရှိပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်အသင်းတ​ွေကို (၂၁)ရာစုနှစ်မှာ အဓိကဆုဖလားရယူပေးနိုင်တဲ့အင်္ဂလိပ်လူမျိုးနည်းပြဆိုလို့ မက်ကလာရင်၊ ဟယ်ရီရက်နက်ပ်၊ အက်ဒီဟောင်းတို့သာရှိပြီး အင်္ဂလိပ်လူမျိုးနည်းပြတစ်ဦးလက်ထဲကို ဆုဖလားတွေထပ်မံရောက်ရှိဖို့ အချိန်ဘယ်လောက်အထိ စောင့်ရဦးမလဲဆိုတာ တွေးစရာဖြစ်နေပါတယ်။