ဒီနေ့ကစားမယ့် အင်္ဂလန်-လတ်ဗီးယား ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်မှာ အင်္ဂလန်ကြယ်ပွင့်ကစားသမားတွေကို အနားပေးဖို့ နည်းပြတူချယ်လ်က ငြင်းဆန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းနည်းပြတွေဟာ လတ်ဗီးယားအသင်းနဲ့ပွဲစဉ်မှာ သူတို့ရဲ့အဓိက ကစားသမားတွေကို အနားပေးစေချင်နေပေမယ့် အင်္ဂလန်အသင်းနည်းပြတူချယ်လ်က ဒီလိုမျိုးလုပ်သွားဖို့ အစီအစဉ်မရှိတာပါ။

လ‌တ်ဗီးယားအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းနည်းပြတူချယ်လ်က အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် Round of 16 ပထမအကျော့ပွဲစဉ်မှာ PSV အသင်းကို (၇-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို အနားမပေးဘဲ အသုံးပြုခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။

တူချယ်လ်က "သူတို့ဟာ ကျွန်တော်တို့ရဲ့အကြောင်းကို တွေးနေတယ်ဆိုတဲ့ ခံစားချက်မရှိပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ဒါကို ခေါင်းညိတ်ဖို့မလိုပါဘူး။ ကျွန်‌တော်ဟာ ကစားသမားတွေကိုရော ပွဲစဉ်ကိုပါ ဂရုစိုက်ပါတယ်။ မင်းတို့မှာ ခက်ခဲတဲ့ကလပ်ပွဲစဉ်‌တွေရှိလို့ အနားပေးရမယ်ဆိုတဲ့ အချက်ကမှားယွင်းပါလိမ့်မယ်"လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် တူချယ်လ်က သူ PSG ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်ခဲ့ချိန်တုန်းက ကစားသမားတွေကို နိုင်ငံတကာပွဲတွေ ရှောင်ဖို့ တောင်းဆိုခဲ့ခြင်းမရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နည်းပြသစ်တူချယ်လ် လက်ထက်ပထမဆုံးပွဲစဉ်မှာ အယ်လ်ဘေးနီးယားအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။