အင်္ဂလန်အသင်းက အယ်လ်ဘေးနီးယားအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်မှာ အင်္ဂလန်အသင်းကို နည်းပြသစ်အဖြစ် ပထမဆုံးပွဲစဉ်ကိုင်တွယ်ခဲ့တဲ့ တူချယ်လ်ဟာ နိုင်ငံတော်သီချင်းကို သီဆိုခြင်းခဲ့ခြင်းမရှိတာကို​ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက အင်္ဂလန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ တူချယ်လ်ဟာ အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေမတိုင်ခင် ကစားသမားတွေနဲ့အတူ 'God Save The King' သီချင်းကို သီဆိုဖွယ်ရှိ/မရှိ စောင့်ကြည့်မှုတွေခံခဲ့ရတာပါ။

အယ်လ်ဘေးနီးယားအသင်းနဲ့ပွဲမတိုင်ခင် ဝင်ဘလေအားကစားကွင်းကြီးထဲမှာ လူအုပ်ကြီးက နိုင်ငံတော်သီချင်းကို သီဆိုချိန် တူချယ်လ်ဟာ မလှုပ်မယှက်ရပ်နေခဲ့တာဖြစ်ပါတယ်။ တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် ပြီးခဲ့တဲ့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ နိုင်ငံတော်သီချင်းသီဆိုဖို့နဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရပြီး သူက တစ်နေ့ကျရင် ကစားသမားတွေနဲ့ အတူ သီဆိုနိုင်တယ်လို့ ဆိုထားတာပါ။

တူချယ်လ်မကိုင်တွယ်ခင် အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ လီကာစလေတုန်းကလည်း နိုင်ငံတော်သီချင်း သီဆိုခဲ့ခြင်းမရှိတာ တွေ့ခဲ့ရပါတယ်။ လီကာစလေဟာ Midlands မှာမွေးဖွားကြီးပြင်းခဲ့ပေမယ့် အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၄၀)အထိ ကိုယ်စားပြုခဲ့သူဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လီကာစလေဟာ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ချိန်မှာ နိုင်ငံတော်သီချင်းသီဆိုခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့(၁၈)လစာချုပ်ချုပ်ထားတဲ့ တူချယ်လ်အနေနဲ့ ရှေ့လာမယ့်ပွဲတွေမှာ နိုင်ငံတော်သီချင်းသီဆိုဖို့ ပူးပေါင်းပါဝင်ခြင်းရှိမရှိ မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ ဆက်လက်စောင့်ကြည့်မှုကို ခံရမှာဖြစ်ပါတယ်။