ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘ၀အစကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပြီး ဒုတိယပွဲစဉ်မှာ သူ့အသင်းက လတ်ဗီးယားအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အယ်လ်ဘေးနီးယား၊ လတ်ဗီးယားအစရှိတဲ့ အားနည်းတဲ့ပြိုင်ဘက်အသင်းတွေနဲ့ တွေ့ခဲ့ရတဲ့အပြင် အိမ်ကွင်းပွဲတွေအဖြစ် ကစားခဲ့ရတာက တူချယ်လ်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘ၀အစကို နိုင်ပွဲတွေနဲ့စတင်နိုင်ဖို့ ဖြစ်စေခဲ့ပြီး နှစ်ပွဲစလုံး Clean-Sheet တွေရယူနိုင်ခဲ့ပါတယ်။
လတ်ဗီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အင်္ဂလန်အသင်းက ခြေစွမ်းအသာစီးနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု(၇၅%)နီးပါးလောက်အထိရှိခဲ့ပါတယ်။ လတ်ဗီးယားဂိုးဘက်ကို ကန်သွင်းမှုအကြိမ်(၃၀)နီးပါးရှိခဲ့ပြီး ဂိုးပေါက်တည့်မှုက (၈)ကြိမ်လောက်ရှိခဲ့ပါတယ်။
ဒဏ်ရာတွေကြောင့် အင်္ဂလန်အသင်းနဲ့ (၃)နှစ်လောက်ဝေးကွာနေတဲ့ ချယ်လ်ဆီးနောက်ခံလူရီးစ်ဂျိမ်းစ်က ပွဲချိန်(၃၈)မိနစ်မှာ ဖရီးကစ်ကနေ အဖွင့်ဂိုးကို လှလှပပသွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန်(၆၈)မိနစ်မှာ ဒက်ကလန်ရိုက်စ်ရဲ့ပေးပို့မှုကနေ ဟာရီကိန်းက ဒုတိယဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန်(၇၆)မိနစ်မှာ ဘယ်တောင်ပံကနေ တစ်ကိုယ်တော်လိမ်ခေါက်ပြီး အီဇီက တတိယအနိုင်ဂိုးကို သွင်းခဲ့ပါတယ်။

ဒီပွဲမှာ တစ်ကျော့ပြန်ကစားရတဲ့ ညာနောက်ခံလူရီးစ်ဂျိမ်းစ်က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ညာတောင်ပံတစ်ကြောမှာ ခံစစ်အတွက်ရော၊ တိုက်စစ်အတွက်ပါ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။
လတ်ဗီးယားအသင်းက အင်္ဂလန်အသင်းဘက်ကို (၃)ကြိမ်လောက်သာ ကန်ခွင့်ရခဲ့ပြီး တစ်ကြိမ်သာဂိုးပေါက်တည့်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု(K)မှာ (၂)ပွဲကစား(၂)ပွဲနိုင် ရဂိုး(၅)ဂိုးပေးဂိုးမရှိ ရမှတ်(၆)မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စု(K)မှာ လတ်ဗီးယား၊ ဆားဘီးယား၊ အန်ဒိုရာ၊ အယ်လ်ဘေးနီးယားအစရှိတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်းကျနေပြီး အုပ်စုဗိုလ်အသင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။
အုပ်စုဒုတိယအသင်းက Play-offs ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ ကျန်အသင်းတွေရဲ့ ခြေစွမ်းအဆင့်အတန်းကွာခြားချက်အရ အုပ်စုဗိုလ်နေရာကို သက်သောင့်သက်သာရယူဖွယ်ရှိနေပါတယ်။
Discussion