အင်္ဂလန်အသင်းက လတ်ဗီးယားအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်မှာ အင်္ဂလန်ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူပြီးနောက် အောင်ပွဲမခံခဲ့တဲ့ အကြောင်းရင်းကို ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်က ရှင်းပြခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်(၃၈)မိနစ်မှာ ရရှိခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ဖရီးကစ်ကို ရီးစ်ဂျိမ်းစ်က လှပတဲ့ကန်ချက်နဲ့ ဂိုးဝင်အောင်ကန်သွင်းပြီး သူ့ရဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။

ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အင်္ဂလန်အသင်းလူစာရင်းနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ အတူလက်တွဲခဲ့တဲ့ နည်းပြတူချယ်လ်ရဲ့လက်ထက်မှာ ရီးစ်ဂျိမ်းစ်ဟာ အင်္ဂလန်အသင်းလူစာရင်းထဲ ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။ ရီးစ်ဂျိမ်းစ်ဟာ ၂၀၂၂ ခုနှစ်၊စက်တင်ဘာနောက်ပိုင်း အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပထမဆုံးအကြိမ်ပါဝင်ခွင့်ရခဲ့တဲ့ လတ်ဗီးယားအသင်းနဲ့ ပွဲမှာ လှပတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

အင်္ဂလန်အသင်းဖော်တွေဟာ ရီးစ်ဂျိမ်းစ်ဂိုးသွင်းအပြီးမှာ ဝိုင်းဝန်းအောင်ပွဲခံဂုဏ်ပြုခဲ့ကြပေမယ့် သူကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့တာပါ။ ရီးစ်ဂျိမ်းစ်က သူ့ရဲ့ကန်သွင်းချက် ဂိုးဝင်သွားခဲ့တဲ့အတွက် အနည်းငယ်အံ့အားသင့်ခဲ့လို့ အောင်ပွဲမခံခဲ့တာလို့ ပွဲအပြီး ITV ရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ရီးစ်ဂျိမ်းစ်အတွက် ဝမ်းမြောက်မိပြီး သူသာကြံ့ခိုင်မှုပြည့်ဝရင် မိမိအတွက် အလွန်အရေးပါမယ့်သူဖြစ်တယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နည်းပြသစ်တူချယ်လ်လက်ထက် ကစားထားတဲ့ (၂)ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။