ဂျာမန်လူမျိုးနည်းပြတူချယ်လ်က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘ၀အစကို နိုင်ပွဲနဲ့စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်(၁)မှာ အယ်လ်ဘေးနီးယားအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ဒီအိမ်ကွင်းပွဲစဉ်မှာ အင်္ဂလန်အသင်းက ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ဂိုးမပေးရရုံမက အင်္ဂလန်ဂိုးပေါက်ကို ထိထိရောက်ရောက်မခြိမ်းခြောက်နိုင်အောင် ကစားကွက်အသာစီးနဲ့ ကစားခဲ့ပါတယ်။

တူချယ်လ်က သူ့ရဲ့ပထမဆုံးပွဲထွက်လူစာရင်းမှာ ဂိုး- ပစ်ဖို့ဒ်၊ နောက်တန်း - စကယ်လီ၊ ဒန်ဘန်း၊ ကွန်ဆာ၊ ဝေါ်လ်ကာ၊ အလယ်တန်း - ရိုက်စ်၊ ကာတစ်ဂျူံးစ်၊ ဖိုဒန်၊ ဘယ်လင်ဂမ်၊ ရပ်ရှ်ဖို့ဒ်၊ ရှေ့တန်း-ကိန်းတို့ ပွဲထွက်ခဲ့ပြီး (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပါတယ်။

လူစားဝင်ကစားသမားတွေအဖြစ် ဂေါ်ဒွန်၊ ရော်ဂျာစ်၊ ဘိုဝင်၊ ဟန်ဒါဆန်၊ ရီးစ်ဂျိမ်းစ်တို့ ကစားခဲ့ကြပြီး သူ့ရဲ့ပထမဆုံးလူစားလဲမှုကို (၇၄)မိနစ်မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအတွက် ဂိုးတွေကို စကယ်လီက ပွဲချိန်(၂၀)မိနစ်မှာ၊ ဟာရီကိန်းက (၇၇)မိနစ်မှာ သွင်းယူခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု(၇၅%)လောက် အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အယ်လ်ဘေးနီးယားအသင်းဂိုးပေါက်ကို ဟာရီကိန်း၊ ဘယ်လာရင်၊ စကယ်လီတို့က အပိုင်(၆)ကြိမ်(၇)ကြိမ်လောက် ကန်သွင်းရာမှာ အယ်လ်ဘေးနီးယားဂိုးသမားနဲ့ နောက်တန်းရဲ့ကာကွယ်ဖျက်ထုတ်မှုတွေကြောင့် (၂)ဂိုးသာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲကစားတဲ့နေ့မှာ စကယ်လီဟာ အသက်(၁၈)နှစ် (၁၇၆)ရက်သာရှိသေးတာကြောင့် အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ပွဲမှာ ဂိုးသွင်းနိုင်တဲ့အသက်အငယ်ဆုံး ကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) Group K မှာ လတ်ဗီးယား၊ ဆားဘီးယား၊ အန်ဒိုရာ၊ အယ်လ်ဘေးနီးယားအစရှိတဲ့အသင်းတွေနဲ့ တစ်အုပ်စုတည်းကျနေပြီး အုပ်စုဗိုလ်အသင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။ အုပ်စုဒုတိယအသင်းက Play-offs ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ ကျန်အသင်းတွေရဲ့ ခြေစွမ်းအဆင့်အတန်းကွာခြားချက်အရ အုပ်စုဗိုလ်နေရာကို သက်သောင့်သက်သာရယူဖွယ်ရှိနေပါတယ်။

လာမယ့်​ မတ်(၂၄)ရက်နေ့မှာ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် လတ်ဗီးယားအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ဆက်ကစားရမှာဖြစ်လို့ တူချယ်လ်အနေနဲ့ အင်္ဂလန်နည်းပြဘ၀အစကို နိုင်ပွဲတွေနဲ့ပဲ စတင်ရဖွယ်ရှိနေပါတယ်။

အခြားပွဲရလဒ်များ

Malta (0-1) Finland

Poland (1-0) Lithuania

Cyprus (2-0) San Marino

Romania (0-1) Bosnia

Andorra (0-1) Latvia

England (2-0) Albania