၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) အုပ်စုဒုတိယပွဲစဉ်အဖြစ် လတ်ဗီးယားအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ အင်္ဂလန်ထိပ်သီးအသင်း(၃)သင်းက ကစားသမားတွေပါဝင်မလာခဲ့တာကို တွေ့ရပါတယ်။ အင်္ဂလန်ဘောလုံးလောကမှာ အမှတ်ပေးချန်ပီယံဆုအများဆုံးအဖြစ် အကြိမ်(၂၀) ဆွတ်ခူးထားတဲ့ မန်ယူနိုက်တက်အသင်း၊ အင်္ဂလန်ကလပ်အသင်းတွေထဲမှာ ဥရောပချန်ပီယံလိဂ်ဖလားကို အများဆုံးအဖြစ် (၆)ကြိမ်တိုင်ဆွတ်ခူးထားတဲ့ လီဗာပူးလ်အသင်း၊ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းက ကစားသမားတွေ တစ်ဦးမှမပါဝင်တဲ့ ပထမကစားသမား(၁၁)ယောက်ကို နည်းပြတူချယ်လ်က ပွဲထုတ်ခဲ့တာပါ။ ဒီလို မန်ယူနိုက်တက်၊ လီဗာပူးလ်၊ မန်စီးတီးအစရှိတဲ့အသင်းတွေက ကစားသမားတွေ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ အင်္ဂလန်အသင်းရဲ့ပထမကစားသမား(၁၁)ယောက်ကို ပွဲထွက်တာက ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။ ဒီလို ကလပ်အသင်း(၃)သင်း(မန်ယူနိုက်တက်၊ လီဗာပူးလ်၊ မန်စီးတီး)က ကစားသမားတွေ တစ်ဦးမှမပါဝင်ဘဲ နောက်ဆုံးပွဲထွက်ခဲ့တာက ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ်ဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

လက်ရှိနည်းပြတူချယ်လ်ရဲ့ကစားသမား(၂၃)ဦးစာရင်းမှာလည်း မန်ယူနိုက်တက်အသင်းက တစ်ဦးတစ်ယောက်မှ မပါဝင်ခဲ့ဘဲ လီဗာပူးလ်အသင်းက ကွင်ဆာ၊ ကာတစ်ဂျူံးစ်၊ မန်စီးတီးအသင်းက ဖိုဒန်တို့သာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်အတွင်း အင်္ဂလန်အသင်းမှာ မက်ဂွဲယား၊ လုခ်ရှော၊ မေနိုအစရှိတဲ့ မန်ယူနိုက်တက်ကစားသမားတွေ ရွေးချယ်ခံခဲ့ရပေမယ့် တူချယ်လ်ရဲ့အင်္ဂလန်အသင်းမှာတော့ မန်ယူနိုက်တက်ကစားသမားတစ်ဦးမှ (ဒဏ်ရာနဲ့ခြေစွမ်းပိုင်းပြဿနာတွေကြောင့်) ရွေးချယ်မခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ အာနိုးလ်၊ ဂျိုးဂိုးမက်စ်အစရှိသူတို့လည်း ဒဏ်ရာတွေကြောင့် တူချယ်လ်ရဲ့ပထမဆုံးအင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းက အရင်ပါဝင်နေကျ ဂရီးလစ်ရှ်၊ ဂျွန်စတုန်းစ်အစရှိသူတို့လည်း တူချယ်လ်က ချန်လှပ်ခဲ့ပြီး တောင်ပံကစားသမားဖိုဒန်တစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့တာပါ။ ဒါကြောင့် တူချယ်လ်ရဲ့အင်္ဂလန်အသင်းလူစာရင်းမှာ အင်္ဂလန်ထိပ်သီးအသင်း(၃)သင်းက ကစားသမားပါဝင်မှုနည်းခဲ့သလို လတ်ဗီးယားနဲ့ပွဲမှာတော့ ပွဲထွက်(၁၁)ဦး စာရင်းမှာ တစ်ဦးတောင်မပါဝင်ခဲ့တာဖြစ်ပါတယ်။

အရင်က မန်ယူနိုက်တက်၊ လီဗာပူးလ်အသင်းတွေက အင်္ဂလန်ကစားသမားတွေအနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ကျောရိုးကစားသမားတွေဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပွဲထွက်စာရင်းမှာ ဒီနှစ်သင်းက တစ်ယောက်မှ မပါဝင်တော့တဲ့အထိ အခြေအနေဆိုးလာခဲ့တာပါ။ တူချယ်လ်ရဲ့အင်္ဂလန်အသင်းမှာ ပြည်ပကလပ်တွေမှာ ကစားနေတဲ့ ကစားသမား(၄)ဦးအထိပါဝင်လာခဲ့ပြီး ကိုင်းလ်ဝေါ်လ်ကာ(အေစီမီလန်)၊ ဟန်ဒါဆန်(အိုင်းယက်စ်)၊ ဘယ်လင်ဂမ်(ရီးရဲလ်မက်ဒရစ်)၊ ဟာရီကိန်း(ဘိုင်ယန်မြူးနစ်)တို့ ဖြစ်ပါတယ်။
Discussion