အင်္ဂလန်ယူ-၂၁ အသင်းက ပေါ်တူဂီယူ-၂၁ အသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ
အာဆင်နယ်အသင်းကြယ်ပွင့် ဝမ်နရီဟာ အင်္ဂလန်ယူ-၂၁ အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ပွဲချိန်(၁၀)မိနစ်မှာ လှပတဲ့သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝမ်နရီကို အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခေါ်ယူဖို့ အင်္ဂလန်ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ နည်းပြတူချယ်လ်ကို တောင်းဆိုခဲ့ကြပါတယ်။

ဝမ်နရီဟာ ဒီရာသီဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် မတ်လနိုင်ငံတကာပွဲတွေမှာ အင်္ဂလန်အသင်းကြီးလူစာရင်းထဲ ပါဝင်ဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြတူချယ်လ်က သူ့ကို အင်္ဂလန်အသင်းကြီးလူစာရင်းမှာ မရွေးချယ်ခဲ့တာကြောင့် လီကာစလေကိုင်တွယ်နေတဲ့ ယူ-၂၁ အသင်းမှာ ပါဝင်ခဲ့တာပါ။ နည်းပြတူချယ်လ်ဟာ အယ်လ်ဘေးနီးယားအသင်းနဲ့ ပွဲအပြီးမှာ တောင်ပံကစားသမားတွေဆီကနေ ဒီထက်ပိုပြီး သူလိုချင်တယ်လို့ ဆိုထားပါတယ်။
အဲ့ဒါကြောင့် ပရိသတ်တွေက အင်္ဂလန်ယူ-၂၁ အသင်းမှာ ခြေစွမ်းပြပြီးဂိုးသွင်းယူနိုင်ခဲ့တဲ့ ဝမ်နရီကို နောက်လာမယ့်နိုင်ငံတကာပွဲစဥ်တွေမှာ အသင်းကြီးလူစာရင်းထံ ခေါ်ယူဖို့ နည်းပြတူချယ်လ်ကို တောင်းဆိုခဲ့ကြတာပါ။
ပရိသတ်တစ်ဦးက "စီနီယာအသင်းမှာ ဖိုဒန်ရဲ့နေရာ သူ့ကိုအစားထိုးသင့်တယ်"လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက "သူဟာ သိပ်မကြာခင်မှာ ယူ-၂၁ ကထွက်ခွာတော့မှာပါ။ သူ့ကိုစီနီယာအသင်းမှာလိုအပ်တယ်"လို့ ရေးသားကာ နောက်တစ်ဦးက "သူဟာ လူစာရင်းထဲပါဝင်ဖို့ အချိန်တစ်ခုပဲလိုတော့တယ်"လို့ ရေးသားခဲ့ပါတယ်။
ဝမ်နရီအနေနဲ့ ဒီရာသီအာဆင်နယ်အသင်းရဲ့လက်ကျန်ပွဲစဉ်တွေမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ဆက်ပြီးပြသနိုင်မယ်ဆိုရင် လာမယ့်ဇွန်လနိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်းကြီးလူစာရင်းထဲ ပါဝင်လာနိုင်ပါတယ်။
Discussion