ချန်ပီယံလိဂ် Round of 16 (ဒုတိယအကျော့)ဒုတိယနေ့ပွဲတွေထဲမှာ ပထမအကျော့မှာ ဂိုးပြတ်နိုင်ထားတဲ့ အင်္ဂလန်ကလပ်တွေရဲ့ပွဲတွေက စိတ်ဝင်စားစရာမရှိပေမယ့် မက်ဒရစ်ဒါဘီပွဲကတော့ အချိန်ပို၊ ပယ်နယ်တီအထိ ကစားခဲ့ရပြီး စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါတယ်။

ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂-၁)နဲ့နိုင်ခဲ့ပြီး ဒုတိယအကျော့မှာ အက်သလက်တီကိုမက်ဒရစ်က (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အချိန်ပို၊ ပယ်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ရတာပါ။

ပွဲအစတစ်မိနစ်မပြည့်ခင် ပွဲချိန်(၂၇)စက္ကန့်မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အထနှေးမှုကို အခွင့်ကောင်းယူပြီး အက်သလက်တီကိုကွင်းလယ်လူဂယ်လက်ဂါက အနီးကပ်ပိတ်သွင်းခဲ့တာကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းစောစောစီးစီးဂိုးရခဲ့ပါတယ်။ ဒီဂိုးက ဒီပွဲရဲ့ပွဲချိန်(၁၂၀)မိနစ်အတွင်း တစ်လုံးတည်းသောဂိုးလည်းဖြစ်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဦးဆောင်ဂိုးကို ပြန်ချေပဖို့ ကြိုးစားတဲ့ရီးရဲလ်မက်ဒရစ်အသင်းက ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပြီး ပွဲကို လွှမ်းမိုးကစားခဲ့တယ်ဆိုပေမယ့် ဒီပွဲမှာ ဂိုးအခွင့်အရေးတွေပိုရခဲ့တာက အိမ်ရှင်အက်သလက်တီကိုမက်ဒရစ်အသင်းဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်၊ ဂရီးဇ်မန်း၊ ရှာလော့တို့ရဲ့ကန်သွင်းချက်တွေက ဂိုးမဖြစ်ခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်း သက်သာရာရခဲ့သလို၊ ဗင်နီစီယပ်စ်၊ ဘာပေ၊ လူးကပ်စ်ဗက်စကေးတို့ရဲ့ထိုးဖောက်မှုတွေကလည်း အချည်းနှီးဖြစ်ခဲ့ရပါတယ်။

ပွဲချိန်မိနစ်(၇၀)မှာ ဘာပေကို ဖျက်ထုတ်မှုကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ပယ်နယ်တီရခဲ့ပြီး ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပ​ေမယ့် တိုက်စစ်မှူးဗင်နီစီယပ်စ်က ဒီပယ်နယ်တီကို ဂိုးဘေးထောင်ကန်ပြီး အခွင့်အရေးဆုံးရှုံးစေခဲ့ပါတယ်။

ပုံမှန်ပွဲချိန်အတွင်း နှစ်ကျော့ပေါင်း(၂-၂)ဂိုးနဲ့သရေကျနေလို့ အချိန်ပိုကန်ခဲ့ရပြီး ပွဲချိန်(၁၂၀)မိနစ်ပြည့်ချိန်မှာတော့ ပယ်နယ်တီကန်ခဲ့ရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဒုတိယပယ်နယ်တီကို တိုက်စစ်မှူးအယ်လ်ဗာရက်စ်ကန်သွင်းပြီး ပုံမှန်ဂိုးရပြီလို့ အားလုံးကထင်ခဲ့ကြပေမယ့် VAR က ဒိုင်လူကြီးကို အကြောင်းကြားပြီး ကွင်းလယ်ဒိုင်က ဒီပယ်နယ်တီကို ပယ်ဖျက်ခဲ့ပါတယ်။ အကြောင်းကတော့ အယ်လ်ဗာရက်စ်ရဲ့ဘောလုံးတည်ကန်တဲ့ဘယ်ခြေက ဘောလုံးကိုထိခဲ့ပြီး ခြေထောက်နှစ်ချောင်းစလုံး ဘောလုံးနဲ့ထိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ပါ။ လူသိနည်းတဲ့ဘောလုံးဥပဒေပါ စည်းမျဉ်းသတ်မှတ်ချက်တွေအရ မှန်ကန်မှုရှိတယ်ဆိုရင်တောင် ဒီဆုံးဖြတ်ချက်က အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပရိသတ်တွေကို ဒေါသထွက်စရာအငြင်းပွားဖွယ်ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် လူးကပ်စ်ဗက်စကေးရဲ့ကန်ချက်ကို အက်သလက်တီကိုမက်ဒရစ်ဂိုးသမားအိုဘလက်ကာကွယ်နိုင်ခဲ့ပြီး၊ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် စတုတ္ထ ပယ်နယ်တီကို လော်ရန်တေးကန်ရာမှာ ဂိုးဘားတိုင်ထိခဲ့တာကြောင့် ရီးရဲလ်က ရူဒီဂါရဲ့နောက်ဆုံးပယ်နယ်တီအနိုင်ဂိုးနဲ့အတူ ပယ်နယ်တီ(၄-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပထမအကျော့မှာ PSV ကို (၇-၁)ဂိုးနဲ့အနိုင်ရထားတဲ့အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ဇင်ချန်ကို၊ ဒက်ကလန်ရိုက်စ်တို့ရဲ့ဂိုးတွေနဲ့ (၂-၂)ဂိုးသရေရလဒ်ရယူပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဗီလာကလည်း အိမ်ကွင်းမှာ ကလပ်ဘရုဂျက်ကို အဆန်စီယို(၂ ဂိုး)၊ မတ်ဆန်တို့ရဲ့ဂိုးတွေနဲ့အတူ (၃-၀)ဂိုးနဲ့အနိုင်ယူပြီး နှစ်ကျော့ပေါင်း (၆-၁)ဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းကတော့ ပထမအကျော့မှာ (၁-၁)ဂိုးနဲ့ သရေကျထားတဲ့ လိုင်လီအသင်းကို ဒုတိယပိုင်းမှာ အမ်မရီချန်ရဲ့ချေပဂိုး၊ ဘိုင်ယာရဲ့အနိုင်ဂိုးတွေနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းက အာဆင်နယ်နဲ့ ဆုံတွေ့မှာဖြစ်ပြီး ကွာတားအတွဲအဖက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်

PSG - ဗီလာ
အာဆင်နယ် - ရီးရဲလ်မက်ဒရစ်
ဘာစီလိုနာ - ဒေါ့မွန်
ဘိုင်ယန်မြူးနစ် - အင်တာမီလန်

(ပထမအကျော့ ၈-၉ ဧပြီ၊ ဒုတိယအကျော့ ၁၅-၁၆ ဧပြီ)