အင်တာမီလန်အသင်းက ဘာစီလိုနာအသင်းကို (၄-၃)ဂိုး AET မှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ဒိုင်လူကြီး ကြီးမားတဲ့အမှားပြုလုပ်ခဲ့တယ်လို့ အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါးက သုံးသပ်ခဲ့ပါတယ်။ အင်တာမီလန်အသင်းတိုက်စစ်မှူး လောတာရိုမာတီနက်ဇ်ကို ဘာစီလိုနာအသင်းနောက်ခံလူ ကူဘာစီ ဂိုးဧရိယာအတွင်းဖျက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ပယ်နယ်တီပေးတာနဲ့ ပတ်သက်ပြီး အာဆင်ဝင်းဂါးက ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာပါ။

ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး မာစီနီယက်ခ်ဟာ အစောပိုင်းက ပယ်နယ်တီမပေးခဲ့ပေမယ့် VAR ဒိုင်က ကွင်းထဲရှိမော်နီတာကို သွားရောက်ကြည့်ရှုဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒိုင်လူကြီးမာစီနီယက်ခ်ဟာ VAD မော်နီတာကို ကြည့်အပြီးမှာ ဆုံးဖြတ်ချက်ပြန်ပြောင်းကာ အင်တာမီလန်အသင်းကို ပယ်နယ်တီကန်သွင်းခွင့်ပေးခဲ့တာပါ။ ဒီပယ်နယ်တီကို အင်တာမီလန်အသင်းကွင်းလယ်လူ ချာဟာနိုဂလူးက ဂိုးဝင်အောင် ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အာဆင်ဝင်းဂါးက "ကျွန်တော်ဟာ ဒီလိုပယ်နယ်တီမျိုးကို မနှစ်သက်သလို အနှေးပြကွက်အလွန်အသုံးပြုတာကိုလည်း ဆန့်ကျင်ပါတယ်။ သူကဘောလုံးကို ပထမဆုံးထိတဲ့သူပါ။ လောတာရိုက နောက်ခံလူရှိနေတာကြောင့် ဂိုးမသွင်းနိုင်ဘူးလို့ထင်တဲ့အတွက် ပယ်နယ်တီရှာဖွေခဲ့ပါတယ်။ ဒီအခြေအနေမှာ ဒိုင်လူကြီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ဘူး"လို့ beIN SPORTS ကိုဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအတွက် စိတ်ပျက်နေပြီး နည်းပြဟန်ဆီဖလစ်က ဒိုင်လူကြီးဟာ အင်တာမီလန်အသင်းဘက်ကို မျက်နှာသာပေးတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် ဒီရာသီဆုဖလား(၄)လုံးရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။