အင်တာမီလန်ကို နှာတစ်ဖျားအသာနဲ့ နာပိုလီအသင်းဗိုလ်စွဲခဲ့တဲ့ စီးရီးအေ

စီးရီးအေ ပွဲစဉ်(၃၈)

ကိုမို(၀-၂)အင်တာမီလန်

နာပိုလီ(၂-၀) ကာဂလီယာရီ

စီးရီးအေချန်ပီယံဆုအတွက် အဆုံးအဖြတ်ခံခဲ့တဲ့ ပွဲ(၂)ပွဲမှာ ဇယားထိပ်က နာပိုလီအသင်းရော၊ ဒုတိယနေရာက အင်တာမီလန်အသင်းပါ (၂-၀)ရလဒ်တွေနဲ့ အနိုင်ယူခဲ့ကြပြီး ရမှတ်(၁)မှတ်အသာရထားတဲ့ နာပိုလီအသင်းက အင်တာမီလန်အသင်းဆီက ချန်ပီယံဂုဏ်ပုဒ်ကိုပါ တစ်ခါတည်းလွှဲပြောင်းရယူသွားခဲ့ပါတယ်။

ရာသီအဆုံးသတ်ပိုင်းမှာ မိမိခြေချော်ခဲ့ရုံမက ပြိုင်ဘက်အသင်းခြေချော်တာကို အခွင့်အရေးမယူနိုင်ခဲ့တဲ့ အင်တာမီလန်အသင်းအတွက် ထိုက်တန်တဲ့ရှုံးနိမ့်မှုလို့ပဲ ဆိုရမှာပါ။

စီးရီးအေနောက်ဆုံးပွဲစဉ်(၃၈)မှာ ကိုမို-အင်တာမီလန်ပွဲနဲ့ နာပိုလီ-ကာဂလီယာရီပွဲကို သောကြာညမှာတစ်ချိန်တည်း ကစားစေခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းက ဒီဗရီ၊ ကော်ရီယာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့သလို နာပိုလီအသင်းကည်း တွမ်မီနေး၊ လူကာကူတို့ရဲ့သွင်းဂိုးတွေနဲ့ ကာဂလီယာရီအသင်းကို လွယ်လွယ်ကူကူအနိုင်ရခဲ့တာပါ။

မန်ယူနိုက်တက်ကစားသမားဟောင်း(၂)ဦးရဲ့သွင်းဂိုးတွေနဲ့ နာပိုလီအသင်းက စီးရီးအေအောင်ပွဲဆီ လှမ်းချီနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်တာကလွဲပြီး ဆင်ကန်းတောတိုးသလို ဖြစ်ခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေအတွက်လည်း ထပ်ဆင့်ကြေကွဲလွမ်းမောဖွယ်ရာဖြစ်ခဲ့ရပါတယ်။

ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ နည်းပြဆီမိုနီအင်ဇာဂီရဲ့ အင်တာမီလန်အသင်းဟာ ပွဲစဉ်(၂၆)ကနေ (၃၃)အထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေမယ့် ပွဲစဉ်(၃၃)နဲ့ (၃၄)မှာ ဘိုလော့နာနဲ့ ရိုးမားတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာက အရာရာကို ပြောင်းလဲသွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်(၃၇) လာဇီယိုနဲ့ပွဲမှာ အမှတ်ပေးဇယားထိပ်ကို ပြန်တက်ဖို့ အခွင့်အရေးပြန်ပေါ်ခဲ့ပေမယ့် နောက်ကျပယ်နယ်တီပေးခဲ့ရတာကြောင့် သရေကျပြီး အခွင့်အရေးကို လက်လွှတ်ခဲ့ရပြန်ပါတယ်။

နာပိုလီအသင်းကတော့ နည်းပြကွန်တီ ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ စီးရီးအေချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ခဲ့တာဖြစ်ပြီး ကွန်တီအနေနဲ့ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ နာပိုလီအစရှိတဲ့အသင်း(၃)သင်းနဲ့ စီးရီးအေချန်ပီယံဆုရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နာပိုလီအသင်းသမိုင်းတစ်လျှောက်မှာတော့ (၄)ကြိမ်မြောက်(၁၉၈၇၊ ၁၉၉၀၊ ၂၀၂၃၊ ၂၀၂၅)ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး(၃)ရာသီအတွင်း အမှတ်ပေးချန်ပီယံဆု(၂)ခုရယူနိုင်တာကြောင့် အသင်းဥက္ကဋ္ဌ ဒီလော်ရန်တေးစ်အတွက်လည်း ကျေနပ်စရာဖြစ်ခဲ့ပါတယ်။