အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ အင်တာမိုင်ယာမီအသင်းမှာ အရင်တိုက်စစ်မှူးဟီဂွါအင် တင်ရှိထားတဲ့ ဂိုးပါဝင်ပတ်သက်မှုစံချိန်ကို ဒီတစ်ပတ်မေဂျာလိဂ်ပွဲစဉ်မှာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မနက်က ကစားခဲ့တဲ့ အင်တာမိုင်ယာမီ(၁-၁)တိုရွန်တိုပွဲမှာ မက်ဆီက ပထမပိုင်းထပ်ဆောင်းအချိန်ပို(၄၅+၅)မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပြီး မေဂျာလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးစုစုပေါင်းက (၂၄)ဂိုးအထိရှိလာခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းမှာ မေဂျာလိဂ်ဂိုးဖန်တီးမှုအကြိမ်(၂၀)ပြုလုပ်ထားတာကြောင့် ဒီအသင်းမှာ သူ့ရဲ့မေဂျာလိဂ်ဂိုးပါဝင်ပတ်သက်မှုက (၄၄)ဂိုးအထိရှိလာခဲ့ပါတယ်။ ဒီဂိုးမတိုင်မီက မက်ဆီဟာ ဟီဂွါအင်နဲ့ (၄၃)ဂိုးစီ စံချိန်တူညီပြီး အခု စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ဟီဂွါအင်က ဂိုးပါဝင်ပတ်သက်မှု(၄၃)ကြိမ်(၂၉ ဂိုးသွင်း+၁၄ ဂိုးဖန်တီး) ရရှိဖို့အတွက် ပွဲပေါင်း(၆၇)ပွဲအထိ ကစားခဲ့ရပြီး မက်ဆီက ဂိုးပါဝင်ပတ်သက်မှု(၄၄)ကြိမ်ရရှိဖို့အတွက် ပွဲပေါင်း(၂၉)ပွဲသာ ကစားခဲ့ရတာပါ။

မက်ဆီအနေနဲ့ အခုမှ ဟီဂွါအင်ရဲ့မေဂျာလိဂ်ဂိုးပါဝင်ပတ်သက်မှုစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဒီအသင်းရဲ့ အဓိကစံချိန်မှတ်တမ်းတစ်ခုဖြစ်တဲ့ ဂိုးသွင်းအများဆုံးစံချိန်ကိုတော့ အစောပိုင်းကတည်းက ရယူခဲ့ပြီးဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုး(၄၀)ဂိုးသွင်းယူထားပြီး ဒုတိယနေရာက ကမ်ပါနာထက် (၈)ဂိုးအထိအသာရနေပါတယ်။