အပြင်သွားတိုင်း အမြဲ ဝတ်စရာမရှိရတဲ့ အကြောင်းအရင်း

အဝတ်တွေတော့ အများကြီးပဲ၊ ဝတ်စရာတော့ ရှိမနေဘူး ဆိုတာ ဘာလို့လဲ စဉ်းစားဖူးကြလား? ဒီအဝတ်တွေက ကိုယ်ကြိုက်လို့ ဝယ်ထားတဲ့ အဝတ်တွေ ဖြစ်ရဲ့သားနဲ့ အပြင်သွားခါနီးတိုင်းမှာ ဝတ်စရာရှိမနေတာ ပဟေဠိတစ်ခုပါ။
အရင်က ဖက်ရှင်ကျကျ ဝတ်ဖို့ စဉ်းစားရတာ စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပေမယ့် အခုတော့ တစ်ရက်တစ်ရက် အပြင်သွားခါနီးတိုင်း ဝတ်စရာမတွေ့ဘဲ စိတ်ညစ်ရတဲ့ ရက်တွေ ထပ်လာပြီဆိုရင် ပြန်လည် သုံးသပ်ဖို့ လိုလာပါပြီ။
ဒါဟာ ကိုယ့်စတိုင်လ်ကို ငြီးငွေ့လာတဲ့ လက္ခဏာလို့ ပြောရင် မမှားပါဘူး။ ဒီထက် ပိုပြီး နက်နက်နဲနဲပြောရရင် ကိုယ့်ကိုယ်ကို အဓိပ္ပာယ် ဖွင့်ဆိုပုံ ပြောင်းလဲလာတာ၊ စိတ်အခြေအနေက အရင်နဲ့ မတူတော့တာ၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းလာတဲ့ လက္ခဏာတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါဆိုရင် အဝတ်တွေရှိပေမယ့် ဝတ်စရာမရှိဘူး ဆိုတာက တကယ်ပဲ ဒီလောက် လေးနက်သလားလို့ မေးစရာရှိပါတယ်။
အတူအဖြေရှာကြည့်လိုက်ရအောင် …
ဘာကြောင့် ကိုယ့်စတိုင်လ်ကို ငြီးငွေ့လာတာလဲ?
ဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေကတော့
- ကိုယ့်ရဲ့ ပုံစံအဟောင်းကနေ ရုန်းထွက်ချင်တာ
တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ ခံယူချက်တွေ၊ ယုံကြည်မှုတွေ၊ စိတ်တွေ ပြောင်းလဲသွားပေမယ့် အပြင်ပန်း အဝတ်အစားတွေကတော့ ဒီတိုင်းပဲ ဖြစ်နေတဲ့ အခါမျိုးပါ။ ပိုရင့်ကျက်လာတာ၊ အရင်လို မဟုတ်တော့တာ၊ ဘဝရဲ့ အခန်းဂဏ္ဍအသစ်ကို ဝင်ရောက်လာတဲ့အခါမျိုးမှာ အရင် ဝတ်ခဲ့တဲ့ အဝတ်တွေကို မကြိုက်တော့တာ၊ ဒါမှမဟုတ် ဒီအဝတ်တွေနဲ့ ပက်သက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ မသက်ဆိုင်ချင်တော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- စိတ်ပင်ပန်းတာ
စိတ်ပင်ပန်းတာဟာ ဘဝရဲ့ ဂဏ္ဍပေါင်းစုံ (ဝတ်တဲ့ အဝတ်အထိ) အကျိုးသက်ရောက်နိုင်ပါတယ်။ တစ်ရက်တစ်ရက် အနိုင်နိုင်ဖြတ်သန်းနေရတဲ့အခါ ဝတ်ရမယ့် အဝတ်ကို စဉ်းစားရတာလည်း အလုပ်တစ်ခုပိုတယ်လို့ ခံစားရစေပါတယ်။
- ဆိုရှယ်မီဒီယာ
ဆိုရှယ်မီဒီယာပေါ်မှာ နေ့တိုင်းတွေ့နေရတဲ့ ဝတ်စုံအမျိုးမျိုးက ကိုယ့်စတိုင်လ်အပေါ် သက်ရောက်မှုရှိပါတယ်။ အလှဆုံး အဝတ်တွေ၊ မိတ်ကပ်၊ ဓာတ်ပုံဆရာနဲ့ သေချာ ရိုက်ထားတဲ့ ပုံတွေက ကိုယ့်မှာရှိတဲ့ အဝတ်တွေကို ဘာမှမဟုတ်သလို ခံစားရစေပါတယ်။
ခေါက်ရိုးကျိုးနေတဲ့ နေ့စဉ်ဘဝ
နေ့တိုင်း လုပ်ရိုးလုပ်စဉ်တွေက ထပ်လာတဲ့အခါ ဝတ်တဲ့အဝတ်နဲ့ စတိုင်လ်တွေကလည်း ထပ်လာပါတော့တယ်။ ခေါက်ရိုးကျိုး နေ့စဉ်ဘဝကြောင့် အပြောင်းအလဲတစ်ခုခု လိုချင်တာကြောင့်လည်း ကိုယ့်စတိုင်လ်ကို ငြီးငွေ့လာလို ခံစားရစေတာပါ။
💡ဒီလိုတွေဖြစ်နေပြီဆို ဘာလုပ်သင့်လဲ?
မစဉ်းစားဘဲ ထပြီး ရှော့ပင်းထွက်တာမျိုးထက် ဒါတွေ အရင်လုပ်စေချင်ပါတယ်
- ကိုယ့်စိတ်အခြေအနေကို အရင်စမ်းစစ်ကြည့်ပါ။ စိတ်ဖိစီးနေတာလား? ခေါက်ရိုးကျိုးနေ့စဉ်ဘဝကြောင့် ငြီးငွေ့လာတာလား? ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတာလား? တစ်ခါတစ်ရံမှာ ဒီလိုအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- အချိန်အကန့်အသတ်တစ်ခုသတ်မှတ်ပြီး အဲ့အတွင်း ဝတ်ခဲ့တဲ့ အဝတ်တွေကို မှတ်တမ်းတင်ထားကြည့်ပါ။ မဝတ်ဖြစ်တာတွေများနေတယ်ဆိုရင် ရှင်းထုတ်သင့်ပါတယ်။
- ရှိပြီးသား အဝတ်တွေကိုပဲ မတွဲဖူးတဲ့ ပုံစံနဲ့ တွဲစပ်ကြည့်ပါ။ သူများတွေ အမြင်ကို ဘေးခဏထားပြီး ကိုယ့်အကြိုက်အတိုင်း ဝတ်ကြည့်ပါ။ အိမ်မှာပဲ နေဖြစ်တယ်ဆိုရင်တောင် ဒါမျိုး လုပ်ကြည့်တာဟာ ယုံကြည်မှုတိုးစေပြီး ပျောက်သလိုဖြစ်နေတဲ့ ကိုယ့်စတိုင်လ်ဟာလည်း တဖြည်းဖြည်းပြန်ပေါ်လာပါလိမ့်မယ်။
- ဒါတွေလုပ်ကြည့်ပြီးတော့မှ အဝတ်အသစ်တွေ လိုအပ်တယ်လို့ ခံစားနေရသေးရင် (ခေတ်စားနေတာတွေ ဝယ်မယ့်အစား) ကိုယ့်ကို သက်တောင့်သက်သာနဲ့ စတိုင်လ်ကျစေတဲ့ တစ်ထည် နှစ်ထည်အရင် ဝယ်ကြည့်ပြီး စမ်းကြည့်နိုင်ပါတယ်။
စတိုင်လ်ဆိုတာ ကိုယ့်ကိုယ်ကို ဖော်ပြနည်း (self-expression) တစ်ခုပါ။ အသက်အရွယ်အလိုက် အတွေ့အကြုံတွေ ပြောင်းလဲလာသလို ကိုယ့်စတိုင်လ်ကလည်း ပြောင်းလဲတတ်ပါတယ်။ အမြဲ ဝတ်စရာမရှိဘဲ ဝတ်ဖို့ စဉ်းစားရတာ အလုပ်ကြီး တစ်ခုလို ဖြစ်နေပြီဆိုရင် ဒါဟာ ကိုယ့်အတွင်းစိတ်က ပြောင်းလဲမှု လိုအပ်နေပြီလို့ အချက်ပြနေတာပါ။
ဒါ့ကြောင့် ဒီလိုဖြစ်လာတဲ့ အခါ မိမိကိုယ်ကို ပြန်ဆန်းစစ်ပြီး အတွင်းစိတ်နဲ့ ကိုက်ညီတဲ့ စတိုင်လ်တစ်ခု ရှာဖွေကြည့်ကြဖို့ အကြံပြုပါတယ် …