Apple က AirPods အတွက် Live Translation ဆိုတဲ့ အချိန်နှင့်တပြေးညီ ဘာသာပြန်ပေးတဲ့ feature အသစ်ကို ကြေညာထားပါတယ်။ ဒါပေမယ့် EU နိုင်ငံတွေမှာတော့ သုံးလို့မရသေးပါဘူး။

EU မှာနေထိုင်ပြီး Apple Account ကလည်း EU နိုင်ငံမှာ register လုပ်ထားတဲ့သူတွေက ဒီ feature ကို သုံးလို့မရပါဘူး။ Apple က အကြောင်းပြချက် တိကျစွာ မပြောပေမယ့် EU ရဲ့ AI Act နဲ့ GDPR ဥပဒေတွေကြောင့် ဖြစ်နိုင်ပါတယ်။ EU အစိုးရက privacy နဲ့ data security ကိစ္စတွေကို စိစစ်ချင်လို့ ဖြစ်နိုင်သလို Apple ကလည်း ဥပဒေနဲ့ အပြည့်အဝ ကိုက်ညီအောင် လုပ်ဖို့ အချိန်ယူနေတာ ဖြစ်နိုင်ပါတယ်။

Live Translation က AirPods ဝတ်ထားရင်း စကားပြောလို့ရပြီး တစ်ဖက်လူက ပြောတာကို ကိုယ့်ဘာသာစကားနဲ့ နားထဲမှာ ကြားရမှာပါ။ တစ်ဖက်လူက AirPods မဝတ်ထားရင် iPhone screen ပေါ်မှာ translation တွေ ပြပေးပါမယ်။ နှစ်ယောက်စလုံး AirPods ဝတ်ထားရင်တော့ ပိုအဆင်ပြေပါတယ်။

ဒီ feature က AirPods Pro 3 အပြင် AirPods 4 (ANC ပါတဲ့မော်ဒယ်) နဲ့ AirPods Pro 2 မှာပါ သုံးလို့ရပါမယ်။ iPhone 15 Pro နဲ့အထက် မော်ဒယ်တွေမှာ iOS 26 နဲ့တွဲသုံးရမှာပါ။ iOS 26 ကို စက်တင်ဘာ ၁၅ ရက်မှာ ထုတ်မယ်လို့ သိရပါတယ်။

လက်ရှိမှာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ပေါ်တူဂီ (ဘရာဇီး) နဲ့ စပိန်ဘာသာတွေ support လုပ်ပြီး နောက်ပိုင်းမှာ အီတလီ၊ ဂျပန်၊ ကိုရီးယား နဲ့ တရုတ်ဘာသာတွေပါ ထပ်ထည့်မယ်လို့ ကြေညာထားပါတယ်။

EU မှာ ဘယ်အချိန်မှ သုံးလို့ရမလဲဆိုတာကတော့ Apple က မပြောသေးပါဘူး။ ဒီ feature က ဘာသာစကား အတားအဆီးတွေကို ဖြိုဖျက်ပေးမယ့် နည်းပညာကောင်းတစ်ခု ဖြစ်ပေမယ့် ဥပဒေရေးရာ ပြဿနာတွေကို အရင်ဖြေရှင်းရဦးမယ် ထင်ပါတယ်။

#apple #airpodspro3 #livetranslation #Akhayar #AkhayarTech