စစ်တမ်းတချို့ရဲ့အဆိုအရ ဘောလုံးသမားတစ်ဦးရဲ့အကောင်းဆုံးအသက်အရွယ်အပိုင်းအ​ခြားက အသက်(၂၅)နှစ်နဲ့ (၃၂)နှစ်အကြားလို့ဆိုပါတယ်။

အသက်(၃၀)ကျော်အရွယ်ရောက်လာရင် ဘောလုံးသမားတွေအနေနဲ့ အကျပိုင်းရောက်လာပြီး ကစားသမားဘ၀နေဝင်ချိန်နဲ့နီးကပ်လာပြီလို့ သတ်မှတ်ကြပါတယ်။

ဒါက အခြားကစားသမားအများစုအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် စီရော်နယ်ဒိုလို ကစားသမားတစ်ဦးအတွက်တော့ လွဲမှားနေလိမ့်မယ်လို့ဆိုရမှာပါ။

စီရော်နယ်ဒိုဟာ သူ့ကစားသမားဘ၀မှာ အသက်(၃၀)နှစ်မပြည့်မီ နှစ်ပေါင်း(၁၃)နှစ်အတွင်းသွင်းယူခဲ့တဲ့သွင်းဂိုးအရေအတွက် (၄၆၃ ဂိုး)ကို အသက်(၃၀)နှစ်ပြည့်ပြီး(၁၀)နှစ်ကျော်အကြာမှာသွင်းယူခဲ့တဲ့သွင်းဂိုးအရေအတွက်က လိုက်မီခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ် အယ်လ်နာဆာ(၂-၂)အယ်လ်ရှာဘတ်ပွဲမှာ တစ်ဂိုးသွင်းယူပြီးနောက် စီရော်နယ်ဒိုရဲ့ကစားသမားဘ၀သွင်းဂိုးစုစုပေါင်းက (၉၂၆)ဂိုး(ကလပ်အသင်းမှာ ၇၉၁ ဂိုး + လက်ရွေးစင်အသင်းမှာ ၁၃၅ ဂိုး)အထိရှိလာပါတယ်။

တိုက်ဆိုင်စွာပဲ ဒီအထဲက ထက်ဝက်က အသက်(၃၀)နှစ်မပြည့်မီသွင်းခဲ့တာဖြစ်ပြီး ကျန်တစ်ဝက်က အသက်(၃၀)နှစ်ပြည့်ပြီးချိန်မှ သွင်းခဲ့တာပါ။

ဒီအသက်အပိုင်းအခြားနှစ်ခု(အသက်၃၀ နှစ်မပြည့်မီနဲ့ အသက် ၃၀ နှစ်ပြည့်ပြီး)ကို နှိုင်းယှဉ်မယ်ဆိုရင် အသက်(၃၀)နှစ်ပြည့်ပြီး ဂိုးသွင်းနှုန်းကတောင် ပိုကောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

ရှေ့လာမယ့်ပွဲတွေမှာ ဂိုးတွေဆက်သွင်းယူပြီး အသက်(၃၀)နှစ်မပြည့်မီသွင်းဂိုးအရေအတွက် (၄၆၃ ဂိုး)ကို ကျော်ဖြတ်မယ့် စီရော်နယ်ဒိုကို နုပျိုစဉ်ကအချိန်ထက် အသက်အရွယ်ရလာချိန်မှာ ပိုကောင်းတဲ့ကစားသမားဘ၀ကို ပိုင်ဆိုင်ထားသူလို့ ဆိုရမှာပါပဲ။

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ဂိုးအရေအတွက် (၁၀၀၀)ပြည့်တဲ့မှတ်တမ်းကို ဘောလုံးသမားဘ၀က အနားမယူခင် စီရော်နယ်ဒိုပိုင်ဆိုင်မလားဆိုတာကတော့ ဆက်ကြည့်ရမှာပါပဲ ...