အတွင်းစိတ်ကို ပတ်ဝန်းကျင်အခြေအနေက ဘယ်လို လွှမ်းမိုးသလဲ?

အတွင်းစိတ်မှာ ဖြစ်နေတဲ့ ခံစားချက်တွေဟာ စိတ်ထဲမှာဖြစ်နေတဲ့ အ‌တွေးတွေ၊ ဟော်မုန်းတွေ နဲ့ လတ်တလောဖြစ်နေတဲ့ အဖြစ်အပျက်တွေကြောင့်လို့ ထင်တတ်ကြပါတယ်။ ဒါဟာ မမှားပေမယ့် တော်တော်များများ စဥ်းစားဖို့ ကျန်ခဲ့တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ပတ်ဝန်းကျင်ပါ။ ကိုယ့်အခန်းထဲက မီးရောင်ကနေ ရှုပ်ပွနေတဲ့ စားပွဲအထိ ကိုယ့်ရဲ့ စိတ်အပေါ် အနည်းနဲ့အများ လွှမ်းမိုးမှုရှိပါတယ်။ သတိမထားမိပေမယ့် ပတ်ဝန်းကျင်က ဒီလို အရာတွေက ကိုယ့်စိတ်ကို ပင်ပန်းစေနိုင်သလို လန်းဆန်းစေနိုင်ပါတယ်။

(၁) ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်က စိတ်ကိုပါ ညစ်နွမ်းစေနိုင်ပါတယ်

ရှုပ်ပွနေတဲ့ အခန်း၊ အိမ်၊ ပတ်ဝန်းကျင်က စိုးရိမ်မှု၊ စိတ်မငြိမ်မှု၊ သွက်လက်မှုမရှိခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ အကြောင်းအရင်းကတော့ နေရာတကျမရှိဘဲ ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ကို မျက်လုံးက မြင်ရပြီး ဦးနှောက်က အကုန်လုံးကို နားလည်ဖို့ ကြိုးစားခြင်းကြောင့်ပါ။ 

ဘယ်လိုဖြေရှင်းနိုင်လဲ?

    • နေရာတစ်နေရာစာ (စားပွဲ၊ အိပ်ရာ၊ မှန်တင်ခုံ) ကိုပဲ အရင် ရှင်းလင်းကြည့်ပါ
    • ဘယ်မှာထားရမှန်းမသိတဲ့ ပစ္စည်းတွေကို ခြင်း‌သို့ တောင်းတစ်ခုထဲ စုထားပါ
    • ကိုယ့်အတွက် တန်ဖိုးရှိပြီး မျက်စိပသာဒရှိတဲ့ ပစ္စည်းတစ်ခု နှစ်ခုကိုပဲ မြင်သာထင်သာရှိအောင်ထားပါ

မျက်စိကမြင်ရတာတွေက ရှင်းလင်းနေတဲ့အခါ စိတ်ရှင်းလင်းဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

(၂) အလင်းအမှောင်က အဓိကကျပါတယ်

သဘာဝအလင်းရောင်ဟာ စိတ်ပျော်စေတဲ့ ဓာတ် (Serotonin) ပမာဏကို မြှင့်တက်စေနိုင်သလို ခန္ဓာကိုယ်ရဲ့ ဖြစ်စဥ်တွေကို အချိန်ကိုက်ဖြစ်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ အားအင်၊ အာရုံစိုက်မှု၊ အိပ်စက်မှုတွေကို သဘာဝအလင်းရောင်က ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ အရမ်းလင်းတဲ့ လျှပ်စစ်မီးရောင်နဲ့ အလင်းရောင်မရှိတဲ့ အခန်းမျိုးက လူကို စိတ်မကြည်စေတာ၊ စိတ်ညစ်ညူးစေတာ၊ စိတ်ဓာတ်ကျစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းနိုင်လဲ?

    • မနက်နိုးတာနဲ့ ပြတင်းပေါက်နဲ့ ခန်းဆီးတွေ အကုန်ဖွင့်ပါ
    • ညနေဘက်မှာ အဝါရောင်ဘက်သန်းတဲ့ မီးလုံးဖွင့်ပါ
    • ကိုယ့်အခန်းက နေရောင်မရတဲ့နေရာမျိုးဆိုရင် နေထွက်လာသလိုမျိုး တဖြည်းဖြည်းချင်းလင်းတဲ့ နှိုးစက် (Sunrise alarm clock) သုံးကြည့်ပါ

(၃) ပတ်ဝန်းကျင်က အသံတွေက အာရုံကြောဖွဲ့စည်းမှုစနစ်ကို သက်ရောက်မှုရှိပါတယ်

အိမ်မှာ လူတွေစကားပြောသံ၊ လမ်းမပေါ်က ကားသံ၊ ဖုန်းက တတောင်‌‌ေတာင်မြည်သံ စတာတွေကို ကျင့်သားရနေပြီးသားလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ဒီလိုအသံတွေကို မကြိုက်ပါဘူး။ ဒီလို အမြဲကြားနေရတဲ့ ဆူညံသံတွေက ကိုယ့်ရဲ့ အာရုံကြော ဖွဲ့စည်းမှုစနစ်ကို ဖိစီးမှု ဖြစ်စေတာကြောင့်ပါ။

ဘယ်လိုဖြေရှင်းနိုင်လဲ?

    • ဆူညံသံ ဖျောက်ပေးတဲ့ နားကြပ် (သို့) နားဆို့ (earplugs) သုံးတာ
    • အလုပ်လုပ်နေစဥ်မှာ ညိမ့်‌ညောင်းတဲ့ သံစဥ် သို့ သီချင်းမျိုး နားထောင်တာ
    • နေ့စဥ် (၁၀) မိနစ်လောက် တိတ်ဆိတ်တဲ့ အချိန် သတ်မှတ်တာ (ဖုန်းကြည့်တာ၊ သီချင်းနားထောင်တာ၊ စကားပြောတာတွေ မလုပ်ခြင်း)

တိတ်ဆိတ်ငြိမ်သက်မှုက စိတ်ကိုတင်မဟုတ် ခန္ဓာကိုယ်ကိုပါ သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။

(၄) အနံ့ နဲ့ အရာဝတ္ထုပစ္စည်းတွေကလည်း စိတ်အခြေအနေကို လွှမ်းမိုးနိုင်ပါတယ်

ပတ်ဝန်းကျင်လို့ ပြောတဲ့နေရာမှာ အမြင်နဲ့ အကြားတင်မဟုတ်ပါဘူး။ အနံ့နဲ့ ထိတွေ့မှုတွေလည်း ပါပါသေးတယ်။

စိတ်တည်ငြိမ်မှုပေးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့

    • အသားပျော့ပြီး ချောမွေ့တဲ့ အိပ်ရာခင်းနဲ့ စောင်မျိုး သုံးတာ
    • စိတ်ငြိမ်စေပြီး လုံခြုံမှုပေးတဲ့ အနံ့ဖယောင်းတိုင် (ကိုယ်ကြိုက်ရာ) ကို အခန်းထဲ ထွန်းထားတာ
    • ကိုယ့်အကြိုက်ဆုံး ပစ္စည်းတစ်ခုခု (အရုပ်၊ ကော်ဖီခွက်၊ စသည်)ကို မြင်သာထင်သာ ရှိတဲ့ နေရာမှာထားတာမျိုးတွေ လုပ်နိုင်ပါတယ်။

(၅) အများနဲ့ နေရတဲ့အခါ သူတို့ရဲ့ စိတ်စွမ်းအင်ကလည်း ကိုယ့်ကို လွှမ်းမိုးပါတယ်

အကယ်၍ လူအများနဲ့ နေရတယ်ဆိုရင် ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေတင်မဟုတ်ဘဲ သူတို့ကနေရတဲ့ စိတ်စွမ်းအင် (emotional energy) ကလည်း ကိုယ့်စိတ်ကို လွှမ်းမိုးစေပါတယ်။

တစ်ပါးသူကိုတော့ သွားထိန်းချုပ်လို့ မရပါဘူး။ ဒါပေမယ့် ...

လုပ်နိုင်တာတွေတော့ ရှိပါတယ်။

    • ကိုယ်ပိုင် နေရာတစ်ခုသတ်မှတ်ထားပါ
    • ကိုယ့်နေရာကို စိတ်ကြိုက် အလှဆင်တာ၊ စိတ်ပျော်ပြီး စိတ်ငြိမ်စေတဲ့ တီးလုံး၊ အနံ့နဲ့ အလင်းရောင်မျိုးနဲ့ နွေးထွေးတဲ့ ခံစားချက်မျိုး ဖန်တီးပါ
    • မိမိိနေရာကို သူတစ်ပါး ဝင်မနှောက်ယှက်နိုင်ဖို့ စည်းထားပါ

လူတိုင်း ကိုယ့်စိတ်ကို အေးချမ်းမှုပေးတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်။ ဒီလို ပတ်ဝန်းကျင် ဖြစ်ဖို့ ဖန်တီးရာမှာလည်း အိမ်တစ်ခုလုံး ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေနဲ့တင် လုံလောက်တာမို့ ပတ်ဝန်းကျင်ကြောင့် မကြာမကြာ စိတ်ညစ်ညူးနေရပြီဆိုရင် လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။