ချန်ပီယံလိဂ် Round of 16 အဆင့်မှာ အင်္ဂလန်ကလပ်(၃)သင်းလုံး အဝေးကွင်းမှာ နိုင်ပွဲတွေရခဲ့ကြပေမယ့် ယူရိုပါလိဂ် Round of 16 အဆင့်မှာတော့ အင်္ဂလန်ကလပ်(၂)သင်းဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ စပါးတို့ အဝေးကွင်းတွေမှာ နိုင်ပွဲပျောက်ခဲ့ကြပါတယ်။
မန်ယူနိုက်တက်က စပိန်မြေမှာ ဆိုစီဒက်အသင်းကို (၁-၁)ဂိုးနဲ့ သရေကစားခဲ့ပြီး စပါးကတော့ နယ်သာလန်မှာ AZ အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဆိုစီဒက်နဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းက သရေရလဒ်ရယူနိုင်ခဲ့တယ်ဆိုပေမယ့် ဒုတိယပိုင်းနဲ့ ပွဲပြီးခါနီးမှာ စပိန်ကလပ်အသင်းဘက်က အပိုင်ကန်သွင်းချက်တွေကို ဂိုးသမားအိုနာနာကာကွယ်နိုင်ခဲ့လို့ ပြိုင်ဘက်အသင်းကို အနိုင်ဂိုးမပေးခဲ့ရတာပါ။
ဒီပွဲမှာ နှစ်သင်းစလုံးဂိုးအခွင့်အရေးဆတူလောက်သာရခဲ့ကြပြီး သရေရလဒ်က မျှတတဲ့ရလဒ်လို့ဆိုရမှာပါ။ မန်ယူနိုက်တက်အသင်းအတွက် ပွဲချိန်(၅၇)မိနစ်မှာ ဇက်ခ်ဇီက ဂါနာချိုညာတောင်ပံက ပေးပို့တဲ့ဘောလုံးကို ပယ်နယ်တီအစပ်ကနေ သွင်းယူခဲ့ပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ပွဲချိန်(၇၀)မိနစ်မှာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ဘောလုံးကို လက်နဲ့ထိမိတာကြောင့် ပယ်နယ်တီပေးခဲ့ရပြီး စပိန်တိုက်စစ်မှူး အိုယာဇာဘယ်လ်က သွင်းယူခဲ့ပါတယ်။
စပါးအသင်းကတော့ AZ အသင်းကို ပွဲချိန်(၁၈)မိနစ်မှာ ကွင်းလယ်လူဘာ့ဂ်ဗယ်လ် သွင်းယူမိတဲ့ Own Goal ကနေ အနိုင်ဂိုးပေးခဲ့ရပြီး အရှုံးပေးခဲ့ရတာပါ။
မန်ယူနိုက်တက်နဲ့စပါးတို့က ဒုတိယအကျော့ကို အိမ်ကွင်းမှာ ပြန်ကစားရမှာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိနေကြပေမယ့် အိမ်ကွင်းမှာ ရှုံးပြီး အခွင့်အရေးကုန်ဆုံးသလောက်ဖြစ်သွားတာက ဒီအသင်းတွေရဲ့နည်းပြဟောင်းဖြစ်သူမော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းဖြစ်ပါတယ်။
ဖီနာဘာချီအသင်းက အိမ်ကွင်းမှာ ရိန်းဂျားစ်ကို (၁-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး ဒုတိယအကျော့ကို စကော့တလန်မြေမှာ သွားကစားရမှာကြောင့် နောက်တစ်ဆင့် မျှော်လင့်ချက်ဝေဝါးသွားတာပါ။
မနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် Round of 16 ပွဲတွေမှာ လိုင်ယွန်၊ လာဇီယို၊ ဖရန့်ဖတ်အစရှိတဲ့အသင်းတွေလည်း အဝေးကွင်းနိုင်ပွဲရခဲ့ကြပြီး ရိုးမားကတော့ ဘီလ်ဘာအိုအသင်းကို အိမ်ကွင်းမှာ နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲတွေကို လာမယ့် တစ်ပတ်မတ်(၁၃)ရက်နေ့မှာ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ် Round of 16 (ပထမအကျော့)ပွဲရလဒ်များ
AZ (1-0)Tottenham
Fenerbahce (1-3) Rangers
FCSB (1-3) Lyon
Real Sociedad (1-1) Man Utd
Plzen (1-2) Lazio
Bodo/Glimt (3-0) Olympiakos
Ajax (1-2) Frankfurt
Roma(2-1) Bilbao
Discussion