အဝတ်ဗီရိုဖွင့်တိုင်း ဝတ်စရာရှိနေဖို့ သိသင့်တဲ့ အချက် (၄) ချက်

အဝတ်အစားတွေအပြည့်နဲ့ ဗီရိုကိုကြည့်ပြီး “ဘာမှ ဝတ်စရာကိုမရှိဘူး” ဆိုတာ လူတိုင်းတစ်ခါတော့ ကြုံဖူးကြမှာပါ။ အဝတ်တွေအများကြီးရှိပေမယ့်လည်း တစ်ထည်မှ ကိုယ့်စတိုင်လ်နဲ့ မကိုက်နေတာမျိုးပေါ့။ သေချာမစဉ်းစားဘဲ ဝယ်မိတာဖြစ်ဖြစဖြစ်ဖြစ်၊ လူကြိုက်များတာ (Trend) ကြောင့် ဝယ်လိုက်တာဖြစ်ဖြစ်၊ အရင်ကကြိုက်ခဲ့ပေမယ့် အခု အမြင်ပြောင်းသွားတာကြောင့် မဝတ်ချင်တော့တဲ့ အဝတ်တွေနဲ့ပဲ ပြည့်နေတာမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ့်အကြိုက် အဝတ်ဗီရိုတစ်ခုဆိုတာ ဖက်ရှင်ကျဖို့ လူကြိုက်များဖို့ ဆိုတာထက် ကိုယ်တကယ်ကြိုက်ပြီး ကိုယ့်စတိုင်လ်ကို ထင်ဟပ်တာမျိုးပါ။ ကိုယ့်လူနေမှုပုံစံ၊ အမြင်နဲ့ သက်တောင့်သက်တာလည်းရှိတဲ့ အဝတ်ဗီရိုတစ်ခု ဖန်တီးဖို့ဆိုရင် ဒါတွေသိထားဖို့ လိုပါမယ်။
- ကိုယ့်အကြိုက်က ဘာလဲ ဆိုတာ အချိန်ပေးပြီး သေချာစဉ်းစားပါ
အသက်အရွယ်၊ ကိုယ့်လူနေမှုပုံစံနဲ့ ကိုက်ညီတဲ့ အဝတ်ဗီရိုတစ်ခုအတွက် ကိုယ့်ကိုယ်ကို ဒီလို မေးခွန်းမျိုးမေးပါ
- ကိုယ့်ရဲ့တစ်နေ့တာကို ဘယ်လိုပုံစံနဲ့ အဓိက ဖြတ်ကျော်ဖြစ်လဲ ? (အလုပ်မှာလား၊ အိမ်မှာပဲ သက်တောင့်သက်သာလား၊ ဖက်ရှင်ကျကျလား စသည်)
- ဘယ်လို အရောင်နဲ့ အဆင်တွေကို အမြဲ ရွေးဖြစ်လဲ ?
- ဘယ်လို အဝတ်မျိုးက ယုံကြည်မှုဖြစ်စေလဲ ? (ငါ့စတိုင်လ်လို့ ခံစားရစေလဲ)
- အမြဲဝတ်ဖြစ်တဲ့၊ ရှောင်ဖြစ်တဲ့ အဝတ်တွေက ဘာလဲ? ဘာကြောင့်လဲ?
ဒီမေးခွန်းတွေက မရေရာဖြစ်နေတဲ့ ကိုယ့်စတိုင်လ်ကို အဖြေရအောင် စစ်ထုတ်ပေးပါလိမ့်မယ် …
- အကြိုက်ထက် နေ့စဉ်ဘဝကို ထင်ဟပ်တဲ့ စတိုင်လ်မျိုးကို ဦးစားပေးပါ
အေးတဲ့ ဒေသတွေမှာ ဝတ်ကြတဲ့ အထပ်ထပ်ဝတ်ထားတဲ့ ဖက်ရှင်မျိုး သဘောကျပေမယ့် မြန်မာနိုင်ငံမှာ နေသူအတွက်ဆိုရင်တော့ ဝတ်လို့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် ပုံစံတူ အေးတဲ့ အသားနဲ့ ချုပ်ထားတဲ့ အဝတ်မျိုးတွေနဲ့ ဖက်ရှင်ပုံစံကို အတုယူနိုင်ပါတယ်။ ကိုယ့်အကြိုက်နဲ့ နေ့စဉ်ဘဝနဲ့ မျှတနေဖို့သာ အရေးကြီးပါတယ်။
- နည်းနည်းနဲ့ ကောင်းကောင်းဝယ်ပါ
“ကောင်းကောင်း” ဆိုတဲ့နေရာမှာ ဈေးကြီးတာကို ဆိုလိုတာမဟုတ်ပါဘူး။ တကယ် ဝတ်ဖြစ်ပြီး ကိုယ့်အကြိုက်နဲ့ရော နေ့စဉ်ဘဝနဲ့ ကိုက်ညီတာမျိုးပဲ ရွေးချယ်ဝယ်တာပါ။
ဒီနေရာမှာလည်း အစကနေ အကုန်အသစ်ဝယ်စရာ မလိုပါဘူး။ ဒီလိုမျိုး စပြီးပြင်ဆင်နိုင်ပါတယ်
- ကိုယ့်စတိုင်လ်နဲ့ မကိုက်တော့တဲ့၊ မတော်တော့တဲ့ အဝတ်တွေကို ဖယ်ထုတ်ပါ
- ကိုယ့်မှာမရှိပေမယ့် အမြဲလိုချင်တဲ့ အဝတ်မျိုးကို စဉ်းစားပါ
- ဝယ်ချင်၊ ဝယ်သင့်တဲ့ အဝတ်တွေအတွက် ရှော့ပင်း စာရင်း တစ်ခုလုပ်ပါ
- ဝယ်တဲ့အခါမှာလည်း သက်သောင့်သက်သာရှိတာ၊ ကိုယ်နဲ့တော်တာ၊ နေ့စဉ်ဝတ်လို့ရတာမျိုး ဦးစားပေးပါ
- တစ်ခုခုဝယ်ခါနီးမှာလည်း ဒီဟာကို နောက်လမှာရော ဝတ်ဖြစ်မှာလား? အခု ခဏကြိုက်နေတဲ့ ဟာလား? ဆိုတဲ့ မေးခွန်းမျိုးမေးပြီး ဆုံးဖြတ်ချက်ချပါ
- စတိုင်လ်ပြောင်းဖို့ကို မတွန့်ဆုတ်ပါနဲ့
ဒီလိုအဆင့်တွေနဲ့ စစ်ဆေးအပြီးမှာ ကိုယ့်အကြိုက်က အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုရင် ပြောင်းရမှာကို မတွန့်ဆုတ်ပါနဲ့။ စတိုင်လ်ဆိုတာ ကိုယ့်အကြိုက်၊ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်အလိုက် အမြဲပြောင်းလဲနေတာမျိုးပါ။ ဒါ့ကြောင့် ကိုယ့်အကြိုက်ကို အမြဲဆန်းစစ်ပြီး ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။
ကိုယ့်စတိုင်လ်ကို ထင်ဟပ်တဲ့ စိတ်ကြိုက် အဝတ်ဗီရိုတစ်ခုလိုချင်သူတို့အတွက် ဒီအချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် …