တူရကီဒိုင်လူကြီးတွေကို နှိမ့်ချပြောဆိုခဲ့တာနဲ့ ပြိုင်ဘက် ဂါလာတာစာရေးအသင်းကို လူမျိုးရေးခွဲခြားခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေကျခံရပြီးနောက်မှာ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုရဲ့ အနာဂတ်အပြောင်းအလဲဖြစ်လာမလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။

မော်ရင်ဟိုအနေနဲ့ တူရကီဘောလုံးလောကကို စိတ်ကုန်ပြီး အခြားလိဂ်ပြိုင်ပွဲတစ်ခုခုဆီ ရွှေ့ပြောင်းဦးမလားဆိုတာ စောင့်ကြည့်စရာဖြစ်လာတာပါ။

ဒါကြောင့် ဒီနေ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ် ဖီနာဘာချီ-ရိန်းဂျားစ်အတွက် ပြုလုပ်တဲ့မီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်တချို့က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့မေးခွန်းတွေကို နှပ်ကြောင်းပေးမေးမြန်းခဲ့ကြပါတယ်။

ရိန်းဂျားစ်အသင်းကို လိုက်ပါသတင်းယူတဲ့ သတင်းထောက်တစ်ဦးက စကော့တလန်လိဂ်မှာ နည်းပြဖို့ စဉ်းစားသလားလို့ မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက စကော့တလန်လိဂ်ဟာ သူချစ်မြတ်နိုးတဲ့လိဂ်ပြိုင်ပွဲဖြစ်တယ်လို့ လိုလိုလားလားပြန်ဖြေခဲ့ပါတယ်။ နောက်ပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလို့လည်း မော်ရင်ဟိုက ဆိုခဲ့ပါတယ်။

မော်ရင်ဟိုအဖြေက စကော့တလန်ဘောလုံးပရိသတ်တွေအတွက် အကြိုက်တွေ့စရာဖြစ်ခဲ့ပြီး သူ့အနေနဲ့ စကော့တလန်ကလပ်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ပြီးဗြိတိန်မြေကို ပြန်ခြေချလာဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးသတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

မော်ရင်ဟိုဟာ တူရကီဘောလုံးအဖွဲ့ချုပ်ထံ သူ့ရဲ့ပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်ရာမှာ တာဝန်ရှိသူတွေက သူ့ရဲ့အယူခံကိုလက်ခံပြီး ပြစ်ဒဏ်ကို တစ်ဝက်လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် မော်ရင်ဟိုအနေနဲ့ (၄)ပွဲပယ်ပြစ်ဒဏ်ကနေ (၂)ပွဲပယ်ပြစ်ဒဏ်သာကျခံရပြီး ဒဏ်ငွေကလည်း တူရကီလိုင်ရာ (၁.၆)သန်း(ပေါင် ၃၅၀၀၀)ကနေ လိုင်ရာ(၅၅၈၀၀၀)(ပေါင် ၁၂၂၀၀)အထိ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။

တူရကီဘောလုံံးလောကရဲ့လွဲမှားတဲ့စနစ်တွေကို ရင်ဆိုင်တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးခဲ့ပေမယ့် လက်ရှိမှာ သူကိုယ်တိုင်ပွဲကြီးကြပ်ခွင့်ဆုံးရှုံးနေတဲ့ မော်ရင်ဟိုအနေနဲ့ ဗြိတိန်မြေကို ခြေဦးပြန်လှည့်လာမလား ... တခြားဘယ်လိဂ်ကို ရွေးချယ်ဦးမလဲဆိုတာကတော့ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ။