ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီက ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာဟာ လီဗာပူးလ်အသင်းတောင်ပံကစားသမား ဆာလာထက် Ballon d'Or ဆုရရှိဖို့ ပိုပြီးပြည့်စုံသူဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု(၂၂)ကြိမ်ပြုလုပ်ကာ သူ့ရဲ့ကစားသမားဘ၀ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ထားတာပါ။

ဆာလာခြေစွမ်းပြနေသလိုပဲ ၂၀၂၂ ခုနှစ်နွေရာသီအပြောင်းအရွှေ့က လိဒ်စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ရာဖင်ညာဟာလည်း ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၂၇)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု(၁၉)ကြိမ်ပြုလုပ်ထားကာခြေစွမ်းပြနေ ပါတယ်။ ရာဖင်ညာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၁)ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးနေရာရပ်တည်နေတာပါ။ အွန်နရီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်း ကွာတားဖိုင်နယ်တက်နိုင်ခဲ့တာကြောင့် ရာဖင်ညာရဲ့ဥရောပအောင်မြင်မှုကို မီးမောင်းထိုးပြခဲ့ပြီး ဒီရာသီပယ်နယ်တီကနေ သွင်းဂိုးရယူမှုနည်းပါးတာကိုလည်း အချက်တစ်ချက်အနေနဲ့ ဆိုခဲ့ပါတယ်။

အွန်နရီက "ချန်ပီယံလိဂ်မှာ လုပ်ပြခဲ့တဲ့အရာတွေကြောင့် ကျွန်တော့်အတွက် ရာဖင်ညာက Ballon d'Or ဆုရဖို့ ရှေ့ဆုံးမှာရှိနေပါတယ်။ ဆာလာ၊ ကိန်းနဲ့ ဒမ်ဘီလီတို့လည်း Ballon d'Or ဆုရမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ ရာဖင်ညာက ဂိုးတွေအများကြီးသွင်းယူထားပြီး ပယ်နယ်တီ(၁)ဂိုးတည်း ပါဝင်ပါတယ်"လို့ CBS Sports မှာ ဆိုခဲ့တာပါ။

ဒါ့အပြင် အွန်နရီက ရာဖင်ညာဟာ လူတွေပြောနေတဲ့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးမှာ ရှိရမယ့်အရာတွေအားလုံးရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။ ရာဖင်ညာကတော့ ဘာစီလိုနာအသင်းနဲ့ ဒီရာသီမှာ ရယူနိုင်တဲ့ ဆုဖလားတွေအားလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဘင်ဖီကာအသင်းနဲ့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။