ဘာစီလိုနာအသင်းဟာ သူတို့ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို မဖြေရှင်းနိုင်သေးတာကြောင့် လာမယ့်နွေရာသီမှာ လူငယ်ကစားသမား(၁၀)ဦးခန့်အထိ ဆုံးရှုံးရနိုင်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဂျာမန်လူမျိုးနည်းပြဟန်ဆီဖလစ်ရဲ့လက်ထဲမှာ ရလဒ်ကောင်းတွေပြန်လည်ရယူနေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေပေမယ့် ကွင်းပြင်ပမှာတော့ ငွေကြေးအခက်အခဲပြဿနာကို အသင်းဥက္ကဋ္ဌ လာပေါ်တာအပါအဝင် အသင်းတာဝန်ရှိသူတွေအနေနဲ့ အပြည့်အ၀ ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

ဒါကြောင့် လာမယ့်နွေရာသီမှာအသင်းက လူငယ်ကစားသမားအတော်များများကို လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်ကို အသစ်တဖန်ပြန်လည်တည်ဆောက်လျက်ရှိပြီး ဒါကလည်း အသင်းရဲ့ဘဏ္ဍာရေးကို ထိခိုက်စေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လကတည်းက ဘာစီလိုနာမြို့မှာရှိတဲ့ အိုလံပစ်ကွင်းမှာ အိမ်ကွင်းပွဲစဉ်တွေကို လက်ခံကစားလျက်ရှိနေပြီး နူးကမ့်ကွင်းမှာရတဲ့ကွင်းဝင်ကြေးဝင်ငွေထက် များစွာလျော့ကျခဲ့ပါတယ်။

အသင်းရဲ့ဝင်ငွေနဲ့ ထွက်ငွေမမျှတမှုကြောင့် အော်လ်မို၊ ပါအူဗစ်တာတို့လို ကစားသမားတွေကို မှတ်ပုံတင်ရာမှာလည်း အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးပြဿနာ တစ်စိတ်တစ်ပိုင်းပြေလည်စေဖို့ အသင်းက လူငယ်ကစားသမား(၁၀)ယောက်လောက်အထိကို လမ်းခွဲသွားမယ်လို့ ဆိုပါတယ်။ ဒီကစားသမားတွေက အသင်းနဲ့ ဇွန်(၃၀)ရက်နေ့အထိသာ စာချုပ်ရှိထားပြီး ဘာစီလိုနာအသင်းအနေနဲ့ ဒီကစားသမားတွေကို စာချုပ်ထပ်ချုပ်ဖို့ အခက်အခဲရှိနေတာကြောင့် လက်လွှတ်ခံရမှာဖြစ်ပါတယ်။

ဒီလို ဘာစီလိုနာအသင်းအခက်အခဲဖြစ်နေတာက ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီက လူငယ်ကစားသမားတွေကို မျက်စိကျနေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေအတွက် အချက်ဖြစ်စေခဲ့ပြီး အလုအယက်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

ပရီးမီးယားကလပ်အသင်းတချို့ဟာ ဘာစီလိုနာအသင်းက လူငယ်ကစားသမားတွေကို ခေါ်ယူခဲ့ဖူးပြီး ဒီအထဲက ဖာဘရီဂတ်စ်၊ ဘယ်လာရင်၊ ပီကေး၊ အဒါမာထရာအိုရေး၊ အဲရစ်ဂါစီယာ အစရှိတဲ့ကစားသမားတွေက ထင်ရှားပါတယ်။