လီဗာပူးလ်အသင်းရဲ့အင်္ဂလန်နောက်ခံလူအာနိုးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူမယ်လို့ သတင်းတွေက အတိအလင်းဖော်ပြနေကြတာကြောင့် လီဗာပူးလ်ပရိသတ်တွေ ဒေါသပေါက်ကွဲနေချိန်မှာပဲ ဒီအပြောင်းအရွှေ့ကို ရှုပ်ထွေးစေမယ့်သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။
ဒါကတော့ နောက်ထပ်စပိန်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းကလည်း အာနိုးလ်ကို ခေါ်ယူဖို့ကြိုးစားနေပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူတွေထံ ဆက်သွယ်နေတယ်ဆိုတဲ့သတင်းပါပဲ။

ဒါက အာနိုးလ်ကို ခေါ်ယူနိုင်မယ်လို့ တထစ်ချယုံကြည်ပြီးဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတွေအတွက် မျက်ခုံးပင့်စရာသတင်းတစ်ခုဖြစ်စေမှာအမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းခေါ်ယူမယ်လို့ သတင်းတွေက အကျယ်တဝင့်ဖော်ပြနေကြပေမယ့် တကယ်တမ်းမှာ သူ့အတွက် သဘောတူစာချုပ်တစ်စုံတရာမချုပ်ဆိုရသေးလို့ပါပဲ။
ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ သူ့ကိုကြားဖြတ်ခေါ်ယူနိုင်ဖို့ အခွင့်အရေးအပြည့်အ၀ရှိနေပြီး စပိန်အသင်းကြီး(၂)သင်းရဲ့အပြိုင်ကြိုးပမ်းမှုကို ပရိသတ်တွေတွေ့ရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုမှ ရီးရဲလ်မက်ဒရစ်အသင်းလက်ထဲကနေ အာနိုးလ်ကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားတာမဟုတ်ဘဲ အရင်ကတည်းက အာနိုးလ်ကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ်ပစ်မှတ်ထားကြိုးပမ်းဖူးတဲ့အသင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို နည်းပြဇာဗီကိုင်တွယ်စဉ်ကတည်းက အာနိုးလ်ကိုခေါ်ယူဖို့ သူ့ရဲ့အေးဂျင့်အဖွဲ့နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အာနိုးလ်အနေနဲ့ ဘာစီလိုနာအသင်းရဲ့ရည်ရှည်ပစ်မှတ်ဖြစ်ခဲ့ပြီး ဒီရာသီအစပိုင်းမှာလည်း ဘာစီလိုနာအသင်းအားကစားဒါရိုက်တာဒေကိုက သူ့ကို ခေါ်ယူဖို့ ကလပ်အသင်းဆွေးနွေးပွဲမှာ ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အသင်းရဲ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့်သာ သူ့ကို အခုအချိန်အထိ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခု နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းစေ့မယ့် အာနိုးလ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိလာချိန်မှာ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင်ကြိုးစားသွားဖို့ ပြင်ဆင်နေတာပါ။ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ ညာနောက်ခံလူတစ်ဦးမဖြစ်မနေ ခေါ်ယူသွားမှာဖြစ်ပြီး အာနိုးလ်အပြင် ဗယ်လက်ကာနိုနောက်ခံလူ ရာတီယူ၊ မိုနာကိုနောက်ခံလူဗန်ဒါဆန်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။
Discussion