မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ပြည်ပကလပ်တွေအဖြစ် ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ PSG ၊ LA ဂလက်ဆီအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ်ကစားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်အနေနဲ့ သူ့ရဲ့အင်တာမိုင်ယာမီအသင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်းတွေကို အခြေပြုပြီး အသင်းကိုတည်ဆောက်တာက ထူးခြားနေပါတယ်။

မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာကစားသမားဟောင်းတစ်သိုက်က အင်တာမိုင်ယာမီအသင်းမှာ အဓိကကျောရိုးအနေနဲ့ ရှိနေတာပါ။ တိုက်စစ်မှာ မက်ဆီနဲ့ ဆွာရက်ဇ်၊ အလယ်တန်းမှာ ဆာဂျီယိုဘူးစကွက်စ်၊ နောက်တန်းမှာ ဂျော်ဒီအယ်ဘာအစရှိတဲ့ ဘာစီလိုနာကစားသမားဟောင်းတွေ ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းမှာ နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတဲ့သူကလည်း ဘာစီလိုနာခံစစ်ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ မာရှေယာနိုဖြစ်ပါတယ်။
လာမယ့် မေလ(၂)ရက်နေ့မှာ အသက်(၅၀)ပြည့်မယ့် ဒေးဗစ်ဘက်ခမ်က သူ့ရဲ့မွေးနေ့အကြိုပါတီပွဲကို မနေ့က သူ့မိသားစုနဲ့အတူ မိုင်ယာမီမှာ ကျင်းပခဲ့တော့ အထက်ပါ ဘာစီလိုနာကစားသမားတွေက သူတို့ရဲ့မဟေသီကြင်ယာတော်တွေနဲ့အတူ ဒီပါတီပွဲကို တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

ဘက်ခမ်က သူ့ရဲ့အင်တာမိုင်ယာမီအသင်းက ကစားသမားအားလုံးကို ဖိတ်ကြားပြီး ပါတီပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပေမယ့် ဒီပါတီပွဲမှာ အထင်ပေါ်ဆုံးဖြစ်ခဲ့တာက သူတို့ ဇနီးမောင်နှံနဲ့ ဘာစီလိုနာကစားသမားဇနီးမောင်နှံတွေပဲ ဖြစ်ခဲ့ပြီး သူတို့ အတူတွဲရိုက်ထားတဲ့ဓါတ်ပုံတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီပါတီပွဲကို ဗြိတိန်တင်းနစ်ကစားသမားအန်ဒီမာရေး၊ အမေရိကန်အဆိုတော် မက်အန်သိုနီ အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
Discussion