အခုမတ်လကုန်ပိုင်းမှာ နိုင်ငံတကာရက်သတ္တပတ်ရှိနေပြီး ပရိသတ်တွေ စောင့်ကြည့်စရာ ပွဲကြီးပွဲကောင်းတစ်ပွဲရှိနေတယ်။ ဒီပွဲက မတ်လ(၂၅)ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေရိစ်မြို့က Estadio Nacional Mane Garrincha ကွင်းမှာ ကစားမယ့် အာဂျင်တီးနား-ဘရာဇီးလ် ခြေစစ်ပွဲပါပဲ။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် တောင်အမေရိကဇုန်မှာ အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ ကစားကြမှာဖြစ်ပြီး ဒီအသင်းတွေရဲ့နည်းပြတွေက မတ်လနိုင်ငံတကာပွဲတွေအတွက် ကစားသမားစာရင်းတွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက ပဏာမစာရင်းကို ထုတ်ပြန်ခဲ့ပြီး၊ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာကတော့ အပြီးသတ်(၂၃)ဦးစာရင်းကို ထုတ်ပြန်ခဲ့တာပါ။
ဒိုရီဗယ်လ်ဂျူနီယာထုတ်ပြန်ခဲ့တဲ့လူစာရင်းမှာ ဒဏ်ရာကပြန်လာတဲ့ ဘရာဇီးလ်ဝါရင့်တိုက်စစ်မှူးနေမာရဲ့အမည်စာရင်းပါဝင် လာခဲ့ပါတယ်။
ဒါကြောင့် လာမယ့် မတ်(၂၅)ရက်နေ့မှာ ကစားရမယ့် အာဂျင်တီးနား-ဘရာဇီးလ်ခြေစစ်ပွဲမှာ ဘာစီလိုနာနဲ့ PSG အသင်းဖော်ဟောင်းနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့နေမာတို့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ကြတာကို ပရိသတ်တွေ တွေ့မြင်ရတော့မှာပါ။
နေမာဟာ ဒဏ်ရာတွေနဲ့ရုန်းကန်နေရလို့ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ မပါဝင်နိုင်တာ တစ်နှစ်ခွဲနီးပါး(၁၇ လ)ရှိသွားပါပြီ။ လက်ရှိအချိန်မှာ ဘရာဇီးလ်ကလပ်ဆန်းတို့စ်အသင်းမှာ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်ကစားနေတဲ့နေမာကို ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ပြန်ရွေးချယ်ခဲ့ပေမယ့် ပရိသတ်တွေနဲ့ မီဒီယာတွေအနေနဲ့ နာလန်ထကာစ နေမာအပေါ်မှာ မျှော်လင့်ချက်ကြီးစွာနဲ့ ဖိအားတွေမပေးဖို့တော့ တောင်းဆိုထားပါတယ်။
ခေတ်ပြိုင်ကစားသမား(၃)ဦးဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်ဒို၊ နေမာတို့ (၃)ဦးမှာ မက်ဆီနဲ့ စီရော်နယ်ဒိုက အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဦးဆောင်ကစားနေဆဲဖြစ်ပြီး နေမာကတော့ နိုင်ငံတကာဘောလုံးဇာတ်ခုံမှာ ပျောက်ဆုံးနေခဲ့တာ ကာလအတော်ကြာမြင့်သွားခဲ့တာပါ။
အခုတော့ အာဂျင်တီးနား-ဘရာဇီးလ် ယှဉ်ပြိုင်မှုမှာ တစ်ချိန်က ဘာစီလိုနာနဲ့ PSG အသင်းတို့မှာ လက်တွဲညီခဲ့တဲ့တိုက်စစ်တွဲဖော်နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့နေမာတို့ ပြိုင်ဘက်တွေအဖြစ် ပြန်တွေ့ရတော့မှာပါ။ ပုံရိပ်မြင့်မားတဲ့ကစားသမားနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုနဲ့အတူ ဒီပွဲက ပရိသတ်တွေကို ဆွဲဆောင်နေမှာအမှန်ပါပဲ။
၂၀၂၆ ကမ္ဘာ့ဖလားတောင်အမေရိကဇုန်ခြေစစ်ပွဲအုပ်စုမှာ အာဂျင်တီးနားအသင်းက ရမှတ်(၂၅)မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့် ဘရာဇီးလ်အသင်းကတော့ ဥရုဂွေး(၂၀ မှတ်)၊ အီကွေဒေါ(၁၉ မှတ်)၊ ကိုလံဘီယာ(၁၉ မှတ်)တို့ရဲ့နောက် အဆင့်(၅)နေရာမှာ ရမှတ်(၁၈)မှတ်နဲ့ ရပ်တည်နေပါတယ်။
Discussion