ဘာစီလိုနာပရိသတ်တွေအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရတဲ့ နယူးယောက်မြို့ဟက်ဒ်ဆန်မြစ် ရဟတ်ယာဉ်ပျက်ကျမှု
ပြီးခဲ့တဲ့ဧပြီ(၁၀)ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ဟက်ဒ်ဆန်မြစ်အတွင်း Bell 206L-4 LongRanger IV ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မောင်းနှင်သူနဲ့ လိုက်ပါစီးနင်းလာသူ စပိန်မိသားစုတစ်ခု အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီစပိန်မိသားစုမှာ အော်ဂတ်စတင်းဆိုတဲ့ဖခင်ဖြစ်သူ မာစီကမ်ပ့်ရူဘီမွန်တဲလ်ဆိုတဲ့မိခင်ဖြစ်သူနဲ့အတူ သားသမီး(၃)ဦးပါဝင်ပြီး နယူးယောက်မြို့ဝန်းကျင်ရှုခင်းတွေကို ရဟတ်ယာဉ်နဲ့ အပန်းဖြေကြည့်ရှုရာမှာ သူတို့ရဲ့အပျော်ခရီးက ဘ၀တွေပါဆုံးရှုံးခဲ့ရတဲ့ အပျက်ခရီးဖြစ်ခဲ့ရပါတယ်။
သူတို့မိသားစုအတွက် စပိန်နိုင်ငံသားတွေ ဝမ်းနည်းခဲ့ရပြီး ပိုပြီးကြေကွဲခဲ့ရတာက ဘာစီလိုနာပရိသတ်တွေပါ။
ဘာကြောင့်လဲဆိုတော့ ကလေး(၃)ယောက်ရဲ့မိခင်ဖြစ်သူ မာစီကမ်ပ့်ရူဘီမွန်တဲလ်က ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌဟောင်းနှစ်ဦးနဲ့ သွေးသားရင်းတော်စပ်သူဖြစ်နေလို့ပါ။
မာစီကမ်ပ့်ရူဘီမွန်တဲလ်ဟာ စစ်ပြီးခေတ် ၁၉၄၆ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ ဘာစီလိုနာဥက္ကဋ္ဌပြုလုပ်ခဲ့တဲ့ မွန်တဲလ်ဂါလိုဘတ်ရဲ့ မြစ်တော်စပ်ပြီး၊ ၁၉၆၉ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ ဘာစီလိုနာဥက္ကဋ္ဌပြုလုပ်ခဲ့တဲ့ မွန်တဲလ်ကော်စတာရဲ့ မြေးတော်စပ်သူပါ။
မွန်တဲလ်ဂါလိုဘတ်လက်ထက်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါဖလား(၃)လုံး၊ စပိန်ဘုရင့်ဖလား(၂)လုံးရယူနိုင်ခဲ့သလို၊ မွန်တဲလ်ကော်စတာကလည်း သူ့လက်ထက်မှာ ဒတ်ချ်နာမည်ကျော်ဘောလုံးသမား ယိုဟန်ခရိုက်ဖ်ကို ဘာစီလိုနာအသင်းထံအရောက်ခေါ်ပြီး အသင်းအောင်မြင်မှုတွေရဖို့အတွက် တောင့်တင်းတဲ့အသင်းတစ်သင်းကို ဖွဲ့စည်းပေးခဲ့သူပါ။
ဘာစီလိုနာမြို့နေ အော်ဂတ်စတင်းမိသားစုကို အသက်ဆုံးရှုံးစေခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ ရာသီဥတုကြောင့်မဟုတ်ဘဲ ရဟတ်ယာဉ်ပန်ကာတွေ ကျွတ်ထွက်ကုန်တဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာတာကြောင့် ဒီရဟတ်ယာဉ်စီး အပျော်ခရီးစဉ်ကို စီစဉ်တဲ့ကုမ္ပဏီနဲ့ ရဟတ်ယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီတို့မှာ အပြည့်အ၀တာဝန်ရှိနေပါတယ်။