ဘာမှမလုပ်ဘဲ နားနေခြင်း အနုပညာ

တိုးတက်ရေးစာတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်ဖို့ပဲ အပြိုင်ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲမှာ ဘာမှမလုပ်ဘဲ နားနေမိတဲ့အခါ အပြစ်လုပ်သလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် တခါတလေ အိပ်ရာထဲမှာပဲ တစ်နေကုန် ဘာမှမလုပ်ဘဲ နားနေတာ၊ အကြိုက်ဆုံး ဇာတ်ကားတွေ စီးရီးတွေ ထိုင်ကြည့်တာ၊ လှဲနေရင်း ဘာမှမလုပ်ဘဲ မျက်နှာကျက်ကို ကြည့်နေတာမျိုးက ခန္ဓာကိုယ်နဲ့ စိတ်အနားရဖို့ လိုအပ်တဲ့ အရာတွေပါ။
အခုနိုင်ငံတကာမှာ “bed-rotting” လို့ခေါ်တဲ့ ဘာမှမလုပ်ဘဲ အချိန်ကြာကြာ လှဲနေတာကို ထောက်ခံသူရော မထောက်ခံသူရောရှိပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာလား ဒါမှမဟုတ် ပြဿနာတွေကို ရှောင်နေတာလားဆိုတဲ့ မေးခွန်းတော့ ရှိပါတယ်။ ဒါပေမယ့် တစ်ခုသေချာတာကတော့ ရည်ရွယ်ချက်ရှိရှိ စိတ်အနားရဖို့အတွက်ဆိုရင် ဒီလိုလုပ်ခြင်းဟာ အကျိုးအများကြီး ရှိတာကို တွေ့ရပါတယ်။
🛏️ “Bed rotting” ဆိုတာ ဘာလဲ?
ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာနေတယ်ဆိုတာနဲ့ ဘဝကြီးကို အရှုံးပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ်ပိုင်အချိန်ကို စိတ်သန့်သန့်နဲ့ နားနေနိုင်တဲ့ အခွင့်အရေးကို ရယူခြင်းကို ပိုမှန်ပါလိမ့်မယ်။
- ပိတ်ရက်မှာ ဘာမှလုပ်စရာမရှိဘဲ နားနေတာ
- အကြိုက်ဆုံး မုန့်တွေဝယ်ပြီး ဇာတ်ကား ထိုင်ကြည့်တာ
- တာဝန်တွေ၊ အိမ်အလုပ်တွေ၊ အကြောင်းကြားစာ (notification) တွေကနေ အဆက်အသွယ် ခဏဖြတ်တာ
- ဘာမှမတွေးဘဲ စိတ်နဲ့ ဦးနှောက်ကို အနားပေးတာ
ဒါတွေအကုန်က ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို အနားရစေတဲ့ “bed-rotting” အပြုအမူတွေပါ။
🧠 ဘာမှမလုပ်ဘဲ နေခြင်းက ဦးနှောက်ကို ဘယ်လို အကျိုးဖြစ်စေလဲ?
အနားယူခြင်းက အချိန်ဖြုန်းတာမဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲနေခြင်းအားဖြင့်
- အရေးကြီးတဲ့ စိတ်ခံစားချက်တွေကို ဖြေရှင်းဖို့ ဦးနှောက်မှာ နေရာရသွားပါတယ်
- အာရုံကြော စနစ် (Nervous System) အသစ်ဖြစ်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်
- အကြံဉာဏ်အသစ်တွေဖြစ်စေတယ် (ဒါ့ကြောင့် ရေချိုးနေတဲ့အချိန်မှာ အကြံကောင်းတွေ ရတတ်တာ ဖြစ်ပါတယ်)
- ကိုတစ်ဆော (cortisol) ကျသွားတာကြောင့် စိတ်ပိုတည်ငြိမ်စေတယ်
အိပ်ရာပေါ်မှာ ဘာမှမလုပ်ဘဲ လှဲပြီး လျှောက်စဉ်းစားတာမျိုးက မှတ်ဉာဏ်၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနဲ့ စိတ်ခံစားမှု ကောင်းမွန်ဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိမှုတွေ ရှိပါတယ်။
🧘♀️ Bed-rotting ကို နည်းလမ်းမှန်မှန် ဒီလိုလုပ်မယ်
ဘာမှမလုပ်ဘဲနေတာနဲ့ အနားရတာမဟုတ်ပါဘူး။ ပြဿနာတစ်ခုခုကနေ ရှောင်နေတာမျိုးကြောင့်လည်း လုပ်မိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးသင့်ပါတယ်။
- တကယ် ပင်ပန်းလို့ နားနေတာလား၊ တစ်ခုခုကနေ ရှောင်နေမိတာလား?
- အနားရတယ်လို့ ခံစားရလား၊ စိတ်ထဲမှာ လစ်ဟာနေတယ်လို့ ခံစားရလား?
- ဒီလိုလုပ်ခြင်းက ကိုယ့်ကို အကူအညီဖြစ်စေလား ဒါမှမဟုတ် ရုန်းမထွက်နိုင်တဲ့ သံသရာလို ဖြစ်နေလား?
အကယ်၍ အနားရပြီး အားပြည့်ဖို့ထက် တခြားဟာတွေကြောင့် လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ပိုဂရုစိုက်စေချင်ပါတယ်။
အနားရဖို့သက်သက် bed-rotting လုပ်ဖို့ဆိုရင် ဒီအချက်တွေကို မမေ့ပါနဲ့
- နားနေတဲ့အချိန်ကို “ပျင်းတယ်” လို့ မသတ်မှတ်ဘဲ “အနားရတယ်” လို့တွေးပါ
- လုပ်ရမယ့် တာဝန်တွေထဲက တစ်ခုလို သတ်မှတ်ပြီး ပလန်ချပါ
- ဖြစ်နိုင်ရင် လူမှုကွန်ရက် (social media) မသုံးဘဲ နားပါ
- တရားထိုင်တာ၊ စာရေးတာ၊ စတာတွေ တစ်ခုခု လုပ်ဖို့ ကိုယ့်ကိုယ်ကို အတင်းမတိုက်တွန်းဘဲ ဒီတိုင်းနားနေဖို့ ခွင့်ပြုပေးပါ
လူတွေက စက်ရုပ်တွေမဟုတ်ပါဘူး။ အချိန်တိုင်း စက္ကန့်တိုင်းမှာ တစ်ခုခုလုပ်နေခြင်း မလုပ်နေခြင်းက ကိုယ့်တန်ဖိုးကို အဆုံးအဖြတ်မပေးပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့သာ ကောင်းဖို့ လုပ်မယ်ဆိုရင် ဘာမှမလုပ်ဘဲ နားနေတာကလည်း လိုအပ်ချက်တစ်ခုပါ။ ဒါ့ကြောင့် နိစ္စဓူဝ အလုပ်တာဝန်တွေကြားထဲမှာ ပင်ပန်းလာတဲ့အခါ “Bed-rotting” ကို စိတ်သန့်သန့်နဲ့ လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ် …