ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘာပေနဲ့ ဗင်နီစီယပ်စ်အပါအဝင်ကစားသမား(၄)ဦးဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ စုံစမ်းစစ်ဆေးမှုကြောင့် အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်အပြီးအောင်ပွဲခံချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားတွေဖြစ်တဲ့ ဘာပေ၊ ဗင်နီစီယပ်စ်၊ ရူဒီဂါနဲ့ ဆီဘယ်လော့စ်တို့ရဲ့အပြုအမူတွေကို UEFA က အရေးယူဖို့ စုံစမ်းစစ်ဆေးနေတာပါ။

ရီးရဲလ်မက်ဒရစ်နောက်ခံလူရူဒီဂါဟာ ပယ်နယ်တီအဆုံးအဖြတ်ဂိုးသွင်းယူအပြီးမှာ အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေကို ရည်ရွယ်တဲ့ လည်ချောင်းကို လှီးဖြတ်ပြတဲ့ အမူအရာပြုလုပ်ခဲ့ပါတယ်။ ဘာပေကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေအရှေ့မှာ သူ့ရဲ့လိင်အင်္ဂါတွေကို ဆုပ်ကိုင်ထားခဲ့တာပါ။ ဗင်နီစီယပ်စ်က အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေအရှေ့မှာ သူ့ရဲ့ မက်ဒရစ်အင်္ကျီကို ကွင်းထဲပစ်ချပြီး လက်ညှိုးထိုးပြနေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဗင်နီစီယပ်စ်ဟာ ပွဲကစားချိန်အတွင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားမရရှိတာနဲ့ပတ်သက်ပြီး သူတို့ပရိသတ်တွေကို အော်ဟစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဆီဘယ်လော့စ်က ကွင်းထဲကနေ ဥမင်ထဲကို ဝင်ရောက်ချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေကို ညစ်ညမ်းတဲ့ အမူအရာပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အက်သလက်တီမက်ဒရစ်အသင်းဟာ ဒီဗီဒီယိုတွေကို UEFA ထံပေးပို့ပြီး အရေးယူမှုပြုလုပ်ဖို့ တောင်းဆိုခဲ့တာပါ။

အဲ့ဒါကြောင့် UEFA ဟာ ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေပြီး အပြစ်ရှိကြောင်းတွေ့ရှိရရင် ပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်တာကြောင့် သူတို့တွေဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားနိုင်တာဖြစ်ပါတယ်။
Discussion