ပြီးခဲ့တဲ့ စနေနေ့က ကာရစ်ရိန်းဂျားစ်အသင်းနဲ့ ကလစ်တွန်ဗီလ်အသင်းတို့ကစားခဲ့တဲ့ မြောက်အိုင်ယာလန်ပရီးမီးယားရှစ်ပွဲစဉ်မှာဘောကောက်ကလေးငယ်ကို ကာရစ်ရိန်းဂျားစ်အသင်းဂိုးသမား ဂျက်မက်အင်တိုင်ရီက ကွင်းထဲတွန်းချခဲ့တဲ့ ဖြစ်ရပ်အတွက် မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ မက်အင်တိုင်ရီဟာ ဂိုးလွန်ဘောကန်ပြီး ပွဲကိုအမြန်ဆုံးစတင်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဘောကောက်ကလေးငယ်ဆီက ဘောလုံးကို လုယူရင်းတွန်းခဲ့တာပါ။

ကာရစ်ရိန်းဂျားစ်အသင်းက ဒီအဖြစ်အပျက်အတွက် ကလပ်နဲ့ ဂိုးသမား မက်အင်တိုင်ရီတို့က တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ပိုင်းအိုင်ယာလန်ရဲဌာန(PSNI)က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီဖြစ်ရပ်ကို သိရှိထားတယ်လို့ ဆိုထားပါတယ်။

ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက သတိမပြုမိပေမယ့် ပြိုင်ဘက်အသင်းပရိသတ်တွေက လက်ကျန်ပွဲချိန်တစ်လျှောက် မက်အင်တိုင်ရီကို လှောင်ပြောင်မှုပြုလုပ်ပြီး သူတို့ရဲ့မကျေနပ်မှုကို ပြသခဲ့ပါတယ်။
ကာရစ်ရိန်းဂျားစ်အသင်းနည်းပြစတီဖန်က သူဟာ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရခြင်းမရှိတာကြောင့် ပြောစရာမရှိဘူးလို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ကလစ်တွန်ဗီလ်အသင်းနည်းပြ ဂျင်က ဂိုးသမားအနေနဲ့ ဘောကောက်ကလေးငယ်ကို ဒီလိုမျိုးပြုလုပ်ခဲ့ရင် စည်းမျဉ်းစည်းကမ်းအရ ထုတ်ပယ်ခြင်းမခံရတာ ကံကောင်းခဲ့တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ဒီပွဲစဉ်မှာ ကလစ်တွန်ဗီလ်အသင်းက ကာရစ်ရိန်းဂျားစ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကာရစ်ရိန်းဂျားစ်အသင်းဂိုးသမား မက်အင်တိုင်ရီဟာ မန်စီးတီး၊အဲဗာတန်နဲ့ ဆန်းဒါးလန်းလူငယ်အသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။
Discussion