ဘောလုံးအပေါ်မတ်တပ်မရပ်ရတဲ့ CBF ရဲ့စည်းမျဉ်းသစ်အပေါ် နေမာရဲ့တုံ့ပြန်မှု

နာမည်ကျော်ဘရာဇီးလ်တိုက်စစ်မှူးနေမာက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းအသစ်အပေါ် ဝေဖန်လိုက်ပါတယ်။

CBF က ဘောလုံးသမားတွေအနေနဲ့ ပွဲကစားနေချိန်အတွင်း ဘောလုံးပေါ်မှာ မတ်တပ်မရပ်ရဘူးဆိုတဲ့ ထူးခြားတဲ့စည်းမျဉ်းသစ်ကို မနေ့က ထုတ်ပြန်လိုက်တာပါ။

ဒီစည်းမျဉ်းထွက်ပေါ်လာအောင် လုပ်ခဲ့သူက ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှာ ကစားနေတဲ့ဒတ်ချ်တောင်ပံတိုက်စစ်ကစားသမား ဒီပိုင်းဖြစ်ပါတယ်။

ဒီပိုင်းက Paulista Championship ဗိုလ်လုပွဲ(ဒုတိယအကျော့)ဖြစ်တဲ့ ကိုရင်သီယန်(၀-၀)ပါမီးရပ်စ်ပွဲမှာ ပြိုင်ဘက်ကစားသမားကို လှည့်စားတဲ့အနေနဲ့ ဘောလုံးပေါ်မတ်တပ်ရပ်ပြခဲ့တာပါ။

အလံတိုင်ထောင့်နားမှာ ဘောလုံးက​ို ကန်တင်မလိုနဲ့ မကန်ဘဲ ဘောလုံးပေါ်ကို ခြေစုံရပ်ပြခဲ့တဲ့ ဒီပိုင်းရဲ့လုပ်ရပ်ဟာ ပထမအကျော့အိမ်ကွင်းပွဲမှာ (၀-၁)ဂိုးနဲ့ ရှုံးထားလို့ ချေပဂိုးရဖို့ အသည်းအသန်ကြိုးစားနေတဲ့ ပါမီးရပ်စ်ကစားသမားတွေကို ဒေါသထွက်စေခဲ့ပါတယ်။

ဒါကြောင့် သူ့ကိုဝိုင်းပြီး ရန်မူဖို့ ကြိုးစားရာကနေ နှစ်ဖက်ကစားသမားတွေအများအပြားပါဝင်တဲ့ အချင်းများမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပိုင်းရဲ့ဘောလုံးပေါ်မတ်တပ်ရပ်တဲ့အချိန်က တစ်စက္ကန့်ဝန်းကျင်လောက်သာ ကြာမြင့်တယ်ဆိုပေမယ့် ဒီပုံကို အမိအရ ရိုက်ကူးဖော်ပြခဲ့တဲ့ မီဒီယာတွေကြောင့် တောင်အမေရိကဘောလုံးလောကမှာ ကျော်ကြားသွားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိကျင်းပနေတဲ့ တောင်အမေရိက ယူ-၁၇ ဘောလုံးပွဲမှာ လူငယ်ကစားသမားတွေက လိုက်လုပ်ကြလို့ ဒိုင်လူကြီးတွေက ဒီလိုမလုပ်ဖို့ အဝါကတ်ပြပြီး သတိပေးနေရပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ကတော့ တရားဝင်စည်းမျဉ်းတစ်ခု ပြဋ္ဌာန်းလိုက်ပြီး ဒီလို ဘောလုံးပေါ်မှာ မတ်တပ်ရပ်ရင် အဝါကတ်ပြမယ်လို့ ကြေညာခဲ့တာပါ။

ဘောလုံးပွဲတွေမှာ ဘောလုံးကိုပုံစံအမျိုးမျိုးပြုလုပ်ကာ ပြိုင်ဘက်ကစားသမားတွေကို လှည့်စားတတ်တဲ့နေမာက ဒီစည်းမျဉ်းနဲ့ ပတ်သက်ပြီး "ဘောလုံးပွဲတွေက တဖြည်းဖြည်းနဲ့ ပိုပျင်းစရာကောင်းလာပြီ။ အတော်ကို အဓိပ္ပာယ်မရှိတာပါပဲ"လို့ သူ့ရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။