ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲမတိုင်မီ အသင်းနဲ့လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရနိုင်ဖို့အတွက် ယူရိုပါလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်အသင်းအတွက် အာမတ်နဲ့ ဒီလစ်တို့ လေ့ကျင့်ပြန်ဆင်းနိုင်တာက သတင်းကောင်းဖြစ်ခဲ့တာပါ။

အာမတ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီက ခြေချင်းဝတ်ဒဏ်ရာရရှိပြီးကတည်းက မန်ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ အာမတ်ဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လျင်မြန်စွာလုပ်ဆောင်ခဲ့ပြီးနောက် ရာသီမကုန်ခင်မှာ မန်ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်လာနိုင်ဖို့ရှိနေတာပါ။
နော်တင်ဂမ်ဖောရက်စ်အသင်းကို အရေးနိမ့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒီလစ်ဟာ အခုလအစပိုင်းကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဒီလစ်ပြန်လာနိုင်ဖို့နီးစပ်နေပြီလို့ပြောခဲ့တာကြောင့် သူဟာ ဘီလ်ဘာအိုအသင်းအိမ်ကွင်းမှာ ကစားမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ပါဝင်လာနိုင်တာပါ။ မန်ယူနိုက်တက်အသင်းဟာ အာမတ်ကို ဘီလ်ဘာအိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ စွန့်စားပြီးအသုံးပြုဖို့မရှိဘဲ အိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်မှာ အသုံးပြုလာနိုင်ပါတယ်။
ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရပ်တည်နေပြီး အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ဒီရာသီကိုကယ်တင်နိုင်ဖို့အတွက် ယူရိုပါလိဂ်ဖလားကို ရယူကာ ရာသီအဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။