"ဘီလ်ဘာအိုမြို့ကို ဖျက်ဆီးသူတွေ"တွေလို့ စပိန်မီဒီယာတွေရဲ့စွပ်စွဲမှုကို ခံနေရတဲ့ အင်္ဂလန်ပရိသတ်

ဒီညကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုဖို့ စပိန်နိုင်ငံ၊ ဘီလ်ဘာအိုမြို့ကို ရောက်နေကြတဲ့ မန်ယူနိုက်တက်ပရိသတ်တွေနဲ့ စပါးပရိသတ်တွေဟာ ဘီလ်ဘာအိုမြို့အတွင်းမှာ ဆူပူသောင်းကျန်းနေကြလို့ ဒီအင်္ဂလန်ပရိသတ်တွေဟာ "ဘီလ်ဘာအိုမြို့ကို ဖျက်ဆီးသူ"တွေလို့ စပိန်မီဒီယာတွေက စွပ်စွဲပြစ်တင်နေကြပါတယ်။

မန်ယူနိုက်တက်ပရိသတ်တွေနဲ့ စပါးပရိသတ်တွေဟာ ဘီလ်ဘာအိုမြို့အတွင်းက ဆမ်မာမီးစ်ကွင်းမှာ ကျင်းပမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုဖို့ စပိန်နိုင်ငံကို အုံလိုက်ကျင်းလိုက် လာရောက်ခဲ့ကြပြီး ဒီကွင်းက ပရိသတ် (၅၂၁၁၄)ဦးသာဆံ့ပေမယ့် အင်္ဂလန်ပရိသတ်(၈၀၀၀၀)ကျော်လောက် ဘီလ်ဘာအိုမြို့အတွင်းမှာ ရောက်ရှိနေကြတာပါ။

ဒီနှစ်သင်းစလုံးအနေနဲ့ တစ်သင်းကိုလက်မှတ်ခွဲတမ်း(၁၅၀၀၀)လောက်သာရရှိပြီး လက်မှတ်မဲ့ပရိသတ်တွေအများအပြား စပိန်နိုင်ငံကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။
ဘီလ်ဘာအိုမြို့အတွင်းက မီးပွိုင့်တွေအပါအဝင်အများသုံးပစ္စည်းတွေကို ဖျက်ဆီးပြီး ဗိုလ်လုပွဲမတိုင်မီ အပျော်လွန်ကျူးရမ်းကားနေတဲ့ အင်္ဂလန်ပရိသတ်တွေကို ထိန်းသိမ်းဖို့ စပိန်ရဲအင်အား(၂၀၀၀)ဦးကျော်တပ်ဖြန့်ထားပေမယ့် တကယ့်လက်တွေ့မှာ ပရိသတ်တွေကို ထိန်းသိမ်းဖို့ မလွယ်ကူကြောင်း သိရပါတယ်။

ဘီလ်ဘာအိုမြို့အခြေစိုက် El Correo သတင်းစာရဲ့ဖော်ပြချက်အရ စပါးပရိသတ်တွေဟာ မြို့ထဲက မီးပွိုင့်(၂)ခုကို ချိုးဖျက်ခဲ့ပြီး ဒီမီးပွိုင့်တွေကို ဆုဖလားတွေလို ကိုင်မြှောက်အောင်ပွဲခံနေကြတယ်လို့ ဆိုပါတယ်။ မန်ယူနိုက်တက်ပရိသတ်တွေကလည်း မြို့ထဲမှာ ပြိုင်ဘက်စပါးပရိသတ်တွေကို ပြဿနာရှာနေကြပြီး လက်သီးနဲ့ထိုးကြိတ်မှုတွေ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ဆမ်မာမီးစ်ကွင်းအတွင်းမှာ ဗိုလ်လုပွဲကြည့်ဖို့ လက်မှတ်မရတဲ့ပရိသတ်တွေကို ရုပ်သံပရိုဂျက်တာနဲ့ ကြည့်ရှုဖို့ ဘီလ်ဘာအိုမြို့ထဲက El Arenal အရပ်မှာ Fan Zone တစ်ခုထားရှိပေးထားပြီး ရဲတပ်ဖွဲ့အင်အားများစွာ ဖြန့်ကျက်ထားကြောင်းလည်းသိရပါတယ်။