ဘာစီလိုနာအသင်းနဲ့ဘက်တစ်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာဟာ နည်းပြဟန်ဆီဖလစ်၊ ဂိုးသမားစတီဂန်တို့နဲ့ အချင်းများခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲမှာကွင်းလယ်လူ ဂါဗီရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဘက်တစ်အသင်းကို ချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို ရမှတ်(၆)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်မယ့်အခွင့်အရေးလက်လွှတ်ခဲ့ရတာပါ။
ဒီပွဲရဲ့ပွဲချိန်(၅၇)မိနစ်မှာမှ လူစားလဲဝင်ကစားခဲ့ရတဲ့ ရာဖင်ညာဟာ သရေကျခဲ့တဲ့ ဒီပွဲအပြီးမှာ ဒေါသတကြီးနဲ့ ဒီပွဲကိုတာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးတွေဆီသွားရောက်ခဲ့တာဖြစ်ပါတယ်။ ရာဖင်ညာဟာ ဒိုင်လူကြီးတွေကို စကားပြောဆိုခဲ့ပြီးနောက် ပြန်ထွက်လာချိန်မှာ ဘောလုံးကို ကန်ထုတ်ခဲ့သလို နည်းပြဟန်ဆီဖလစ်နဲ့ ဆက်ပြီး အချင်းများခဲ့တာပါ။ ဒါ့အပြင် ရာဖင်ညာဟာ ဥမင်ထဲကိုဦးတည်သွားချိန်မှာ ဂိုးသမားစတီဂန်နဲ့လည်း အချင်းများခဲ့ပါတယ်။
အပြန်အလှန်တွန်းထိုးခဲ့ကြ ပြီးနောက် စတီဂန်ဟာ ရာဖင်ညာကို ဥမင်ထဲတွန်းထုတ်ခဲ့ပါတယ်။ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်က ရာဖင်ညာဟာ သူ့ကိုဒေါသထွက်နေပြီး အော်ဟစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ကစားသမားဖြစ်ပြီး (၂၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃)ကြိမ်ပြုလုပ်ထားတာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့်ကြားရက်ထဲမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion