ဘင်ဖီကာအသင်းကို ဘာစီလိုနာအသင်းက (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ် နိုင်ပွဲကို ကွယ်လွန်သွားခဲ့တဲ့ ကလပ်ဆရာဝန်ဖြစ်သူ ကာလက်စ်အတွက် ရည်စူးတယ်လို့ ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်က ဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ဆရာဝန်တစ်ဦးဖြစ်တဲ့ ကာလက်စ်ဟာ ပြီးခဲ့တဲ့ စနေနေ့က အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်စတင်ဖို့ နာရီပိုင်းအလိုမှာ ကွယ်လွန်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ဒီပွဲကို ရွှေ့ဆိုင်းခဲ့ပါတယ်။

အသက်(၅၃)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်းဆရာဝန်ဖြစ်သူ ကာလက်စ်ကွယ်လွန်ခဲ့တဲ့ အကြောင်းရင်းကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဘာစီလိုနာအသင်းဟာ ကာလက်စ်ကွယ်လွန်ပြီးနောက် (၃)ရက်အကြာမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်နဲ့ တောင်ပံကစားသမား ရာဖင်ညာတို့ဟာ ပွဲအပြီးအင်တာဗျူးမှာ ဒီနိုင်ပွဲက ကွယ်လွန်ခဲ့တဲ့ ကလပ်ဆရာဝန် ကာလက်စ်ကို ရည်စူးတယ်လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမစတင်ခင်မှာ ကာလက်စ်ကွယ်လွန်တာကို အောက်မေ့တဲ့အနေနဲ့ စပိန်၊ ဘာစီလိုနာနဲ့ ကတ်တလန်အလံတွေကို တိုင်တစ်ဝက်လွှင့်ထူခဲ့ပြီး ပွဲမစတင်မီ (၁)မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ဘင်ဖီကာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို (၂)ရာသီဆက်တိုက် တက်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ လာလီဂါပြိုင်ပွဲထိပ်ဆုံးနေရာ၊ ဘုရင့်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ရောက်ထားလို့ ဆုဖလား(၃)လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
Discussion