ဆန်းတို့စ်အသင်းတိုက်စစ်ကစားသမား နေမာဟာ (၁၈)လနီးပါးအကြာမှ ပထမဆုံးအကြိမ် ဘရာဇီးလ်လက်ရွေးစင်အသင်းလူစာရင်းထဲ ပြန်လည်ရွေးချယ်ခံရပြီးနောက် သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေ စကားလုံး(၄)လုံးနဲ့ တုံ့ပြန်ခဲ့ပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ်၊အောက်တိုဘာက ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိပြီးကတည်းက ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။
နေမာဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဇန်နဝါရီက ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာကာ ကာလတိုစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားထားတဲ့ (၇)ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု(၆)ဂိုးအထိရှိခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ပြသနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် နေမာဟာ ဒီလထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေအတွက် ဘရာဇီးလ်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်းလူစာရင်းကြေညာနေတာကို တိုက်ရိုက်ကြည့်ရှုခဲ့ပြီး နည်းပြဒိုရီဗယ်လ်ဂျူနီယာရဲ့မီဒီယာတွေ့ဆုံမှုကို နားထောင်နေတဲ့ပုံနဲ့အတူ "ပြန်လာရတာ ဝမ်းသာတယ်"လို့ Instagram မှာ ရေးသားခဲ့တာပါ။
အသက်(၁၈)နှစ်အရွယ် ၂၀၁၀ ခုနှစ်မှာ ဘရာဇီးလ်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ နေမာဟာ ပွဲပေါင်း(၁၂၈)ပွဲ ပါဝင်ကစားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲတွေအဖြစ် မတ်လ (၂၀)ရက်နေ့မှာကိုလံဘီယာအသင်းနဲ့ အိမ်ကွင်း၊ မတ်(၂၅)ရက်နေ့မှာ အာဂျင်တီးနားအသင်းနဲ့ အဝေးကွင်းပွဲစဥ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion