ဒီမနက်က အာဂျင်တီးနား(၄-၁)ဘရာဇီးလ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ နှစ်သင်းကစားသမားတွေ ထိပ်တိုက်တွေ့ဆုံချိန်အတွင်း အာဂျင်တီးနားနောက်ခံလူ အော်တာမန်ဒီက ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို စကားနည်းနည်းပဲပြောဖို့ တုံ့ပြန်သွားခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားအသင်းကို ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ အနိုင်ယူသွားမယ်လို့ ပြောဆိုခဲ့တာပါ။
ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်ခြေပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၃)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၁)ကြိမ်သာရှိခဲ့ပြီး ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ်နဲ့ ရာဖင်ညာတို့ဟာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။ အရင်ပွဲတွေကလိုပဲ ဒီပွဲမှာလည်း အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းကစားသမားတွေဟာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ပါတယ်။

ဒီအချိန်မှာ မက်ဆီမပါဝင်နိုင်တာကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတဲ့ အော်တာမန်ဒီက ရာဖင်ညာကို "စကားကိုနည်းနည်းပဲပြောဖို့" သတိပေးပြောဆိုခဲ့တာပါ။ ဘရာဇီးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် အာဂျင်တီးနားအသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၅)ကြိမ်စလုံးနိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး (၁)ပွဲသရေနဲ့ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကတော့ ဒီပွဲစဉ်မတိုင်ခင်ကတည်းက ချန်ပီယံဆုကိုကာကွယ်ဖို့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ရှုံးပွဲကြောင့် အဆင့်(၄)နေရာမှာရပ်တည်နေပေမယ့် လက်ကျန်ခြေစစ်တွေပွဲမှာ ရလဒ်ကောင်းရယူနိုင်ရင် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့ အခွင့်အရေးကောင်းတွေရှိနေပါတယ်။
Discussion