ဘရိုက်တန်အသင်းက လီဗာပူးလ်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်တောင်ပံကစားသမား ဆာလာဟာ ဂိုးပေါက်နဲ့ (၇)ကိုက်အကွာက အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပြီး သူ့ကစားသမားဘဝရဲ့အမှတ်ရစရာအကောင်းဆုံးလွဲချော်မှုတွေထဲက တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဘရိုက်တန်အသင်းကို (၂-၁)ဂိုးနဲ့ ဦးဆောင်နေချိန် ပွဲချိန်(၅၄)မိနစ်မှာ ဆာလာဟာ အသင်းဖော်ဂတ်ပိုရဲ့ပေးပို့မှုကနေ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၉)ဂိုးမြောက် သွင်းဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

ဂိုးပေါက်နဲ့(၇)ကိုက်သာကွာဟပြီး သေချာပေါက်ဂိုးသွင်းနိုင်မယ့် အခြေအနေကို ဆာလာပိတ်ခဲ့ရာမှာ ဘောလုံးဟာ ဂိုးတိုင်ဘေးကို ထွက်ကာ ဂိုးလွန်ဘောဖြစ်သွားခဲ့တာပါ။

ဒီပွဲကို ကြည့်ရှုနေကြတဲ့ ပရိသတ်အများအပြားဟာ ဆာလာရဲ့လွဲချော်မှုကို အံ့အားသင့်ခဲ့ကြပါတယ်။ ပရိသတ်အချို့ကတော့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဆာလာရဲ့လွဲချော်မှုကို စိတ်ပျက်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ ဆာလာဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၈)ဂိုးသွင်းယူထားပြီး ဒုတိယနေရာမှာရပ်တည်နေတဲ့ နယူးကာဆယ်အသင်းတိုက်စစ်မှူး အစ်ဆက်ကို (၅)ဂိုးအသာရရှိထားတာပါ။

အဲ့ဒါကြောင့် ဆာလာဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ရရှိဖို့ သေချာနေပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် ဆုဖလားနဲ့ အောင်ပွဲခံမှုပြုလုပ်သွားမှာဖြစ်ပါတယ်။