အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ဘုန်းမောက်အသင်းက ဝုလ်ဗ်စ်အသင်းကို ပယ်နယ်တီနဲ့ အနိုင်ရရှိခဲ့တဲ့ FA ဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဝုလ်ဗ်စ်တိုက်စစ်မှူး ကွန်ညာကို ဒဏ်ကြေးငွေ ပေါင်(၅)သောင်းနဲ့ အပို(၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ကွန်ညာဟာ ဒီပွဲအချိန်ပိုပြီးခါနီးမှာ ဘုန်းမောက်နောက်ခံလူ ကာကတ်ဇ်ကို (၃)ကြိမ်တိုင်တိုင် ရန်လိုတဲ့အပြုအမူပြုလုပ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရတာပါ။

ကွန်ညာဟာ အနီကတ်ပြသခံရချိန်မှာလည်း ဥမင်ထဲကို ဝင်ရောက်ဖို့ ငြင်းဆန်နေခဲ့လို့ ဝုလ်ဗ်စ်အသင်းဖော်တွေက သူ့ကို အတင်းဖျောင်းဖြမှုတွေပြုလုပ်ခဲ့ရပါတယ်။ ကွန်ညာဟာ ဒီဖြစ်ရပ်တွေကြောင့် FA ရဲ့စွဲချက်တင်ခြင်းခံခဲ့ရပြီးနောက် သူ့မှာအပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။
ကွန်ညာဟာ တိုက်ရိုက်အနီကတ်ကြောင့် (၃)ပွဲပယ်ခံရပြီးဖြစ်ပေမယ့် (၁)ပွဲထပ်တိုးတာကြောင့် (၄)ပွဲပယ်အဖြစ် ဧပြီ(၅)ရက်မှာယှဉ်ပြိုင်မယ့် အစ်ဝစ်ချ်အသင်းနဲ့ပွဲစဉ်ကို ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။

ကွန်ညာဟာ ဧပြီ(၁၃)ရက်မှာ ယှဉ်ပြိုင်မယ့် စပါးအသင်းနဲ့ပွဲစဉ်မှသာ ဝုလ်ဗ်စ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာပါ။ ကွန်ညာဟာ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် (၁၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဝုလ်ဗ်စ်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ကွန်ညာကို ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းတိုးထားတာပါ။
ကွန်ညာဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေ ယှဉ်ပြိုင်နေတဲ့ ဘရာဇီးလ်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဘရာဇီးလ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Discussion