မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့လက်ကျန်ပွဲအများစုကို လွဲချော်ဖွယ်ရှိနေပါတယ်။

မန်စီးတီးအသင်းအတွက် (၃)ရာသီဆက်တိုက် စံချိန်တင်သွင်းဂိုး(၃၀)နဲ့အထက် သွင်းယူထားတဲ့ တိုက်စစ်မှူးဟာလန်းဟာ ဒဏ်ရာကြောင့် အကာအကွယ်ပါတဲ့ ဖိနပ်ဝတ်ဆင်ပြီး ချိုင်းထောက်နဲ့ Vitality Stadium အားကစားကွင်းအတွင်းကထွက်ခွာခဲ့ရတာပါ။

မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းရဲ့ဒဏ်ရာအခြေအနေကို ကနဦးစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးပြီဖြစ်ပေမယ့် အထူးကုနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဟာလန်းကို နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ဒီရာသီပွဲတွေမှာ ပြန်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။ ဟာလန်းရဲ့ဒဏ်ရာဟာ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းရယူပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ (၁)မှတ်အကွာ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့ပေမယ့် မန်စီးတီးအသင်းဟာ အဆင့်(၁၀)နေရာက ဘုန်းမောက်အသင်းနဲ့ (၄)မှတ်သာကွာဟနေတာပါ။

ဟာလန်းဟာ ဒဏ်ရာကြောင့် လာမယ့်မန်စီးတီးအသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ လက်စတာ၊ မန်ယူနိုက်တက်အသင်းတို့နဲ့ ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဖရန့်ဖတ်အသင်းကနေ ခေါ်ယူခဲ့တဲ့ အိုမာမာမွတ်ရှ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားဖို့ ရှိနေပါတယ်။