ဒီရာသီမှာ ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ်စံချိန်တင်ခဲ့သလို ဆောက်သမ်တန်အသင်းရဲ့အင်္ဂလန်ဂိုးသမားအာရွန်ရမ်စ်ဒေးလ်ကလည်း စိတ်ပျက်စရာကောင်းတဲ့ထူးခြားမှတ်တမ်းတစ်ခုကို တင်ရှိခဲ့ပါတယ်။

အဲဒါကတော့ နောက်ဆုံး(၆)ရာသီအတွင်း ရမ်စ်ဒေးလ်က ပရီးမီးယားလိဂ်အသင်း(၃)သင်းနဲ့အတူ (၃)ကြိမ်တိုင်တန်းဆင်းတဲ့မှတ်တမ်းပါ။

သူ့အနေနဲ့ တန်းဆင်းမယ့်အသင်းတွေကို မှားယွင်းရွေးချယ်ပြီး ပြောင်းရွှေ့မိနေတာလား ... သူကပဲ ကံဆိုးမိုးမှောင်မှုတွေကို သယ်ဆောင်ပြီး သူကစားတဲ့အသင်းတွေကို တန်းဆင်းကံကြမ္မာ ကူးစက်စေခဲ့တာလားဆိုတာတော့ တွေးစရာပါပဲ။

ရမ်စ်ဒေးလ်ဟာ ဘုန်းမောက်အသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိကစားခဲ့ဖူးပြီး ၂၀၁၉-၂၀ ရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ တန်းဆင်းခဲ့ဖူးပါတယ်။ သူ့အနေနဲ့ (၃)နှစ်ကြာကစားခဲ့တဲ့ ဘုန်းမောက်အသင်းကို စွန့်ခွာပြီး ငယ်ဘ၀အသင်းဟောင်း ရှက်ဖီးယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တစ်ရာသီသာ ဖြတ်သန်းခဲ့ရပြီး ၂၀၂၀-၂၁ ရာသီကုန်မှာ သူ့အသင်း ရှက်ဖီးယူနိုက်တက်အသင်းက တန်းဆင်းခဲ့ရတာကြောင့် ဒီအသင်းကို စွန့်ခွာခဲ့ပြန်ပါတယ်။

၂၀၂၁ မှာ အာဆင်နယ်ကို ရောက်လာတဲ့ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း အာဆင်နယ်အသင်းနည်းပြအာတီတာက ပုံံမှန်နေရာမပေးတော့တာကြောင့် ၂၀၂၄ နွေရာသီမှာ ဆောက်သမ်တန်အသင်းကို (၄)နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

အခု ဆောက်သမ်တန်အသင်းကို ရောက်လာပြီး ပထမဆုံးရာသီမှာပဲ ဒီအသင်းနဲ့အတူ တန်းဆင်းရ​တော့မှာဖြစ်ပါတယ်။ ဘုန်းမောက်၊ ရှက်ဖီးယူနိုက်တက်အသင်းတွေမှာ အသင်းတန်းဆင်းတာနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို လိုက်ပါမသွားဘဲ အသင်းကနေ ချက်ချင်းထွက်ခွာခဲ့တဲ့ ရမ်စ်ဒေးလ်အနေနဲ့ ဒီနွေရာသီမှာရော ဆောက်သမ်တန်အသင်းကို စွန့်ခွာဦးမလားဆိုတာလည်း ကြည့်ရမှာပါ။