ဗိုလ်လုပွဲတက်ဖို့လွယ်ရင် ထိပ်ဆုံး(၃)သင်းဘာကြောင့်မလုပ်နိုင်တာလဲလို့ ပိုစတီကိုဂလူးမေးခွန်းထုတ်

စပါးအသင်းက Bodo/Glimt အသင်းကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ (၂-၀)ဂိုးနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် (၅-၁)ဂိုးနဲ့ အနိုင်ရရှိကာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီးနောက် စပါးအသင်းနည်းပြပိုစတီကိုဂလူးက ဗိုလ်လုပွဲတက်ဖို့လွယ်ရင် ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့အသင်း(၃)သင်းဘာကြောင့် မလုပ်နိုင်တာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ပိုစတီကိုဂလူးက စပါးအသင်း ယူရိုပါလိဂ်ဖလားရမှာကို လူတွေကြောက်လန့်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး (၂)သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတာဖြစ်ပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားအဆင့်(၁၆)နေရာရပ်တည်နေပြီး မန်ယူနိုက်တက်အသင်းက အဆင့်(၁၅)နေရာမှာ ရပ်တည်နေတာပါ။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ယူရိုပါလိဂ်ဖလားရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်လည်း ဆိုးရွားနေတဲ့ ဒီရာသီကို ကယ်တင်နိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဒါပေမယ့် စပါးအသင်းနည်းပြပိုစတီကိုဂလူးက မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်နဲ့ အမြင်ခြင်းကွဲပြားတာပါ။ ပိုစတီကိုဂလူးက ဆုဖလားရယူနိုင်တာက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်တာထက် ပိုပြီးအောင်မြင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ပိုစတီကိုဂလူးက "ဒါက အငြင်းပွားဖို့ဖြစ်လာပြီး မန်ယူနိုက်တက်နဲ့ ကျွန်တော်တို့အသင်းထဲက တစ်သင်းဟာ ဆုဖလားရယူတော့မှာပါ။ ကျွန်တော်တို့လိဂ်မှာ ရုန်းကန်နေရတာကို ဘယ်သူက ဂရုစိုက်မှာလဲ။ ဗိုလ်လုပွဲတက်ဖို့အရမ်းလွယ်ရင် ထိပ်ဆုံး(၃)သင်းမှာရှိတဲ့သူတွေက ဘာကြောင့်မလုပ်နိုင်တာလဲ။ ဒါက လိဂ်ပုံစံနဲ့မဆိုင်ဘူး"လို့ ဆိုခဲ့ပါတယ်။
စပါးအသင်းဟာ ၂၀၀၈ ခုနှစ်က လိဂ်ဖလားရယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေသလို ၂၀၁၉ က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ပြီးနောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဗိုလ်လုပွဲကို ပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။