BlueSky CEO ဝတ်ခဲ့တဲ့ မတ်ဇူကာဘတ်ကို သရော်ထားတဲ့အင်္ကျီ ရောင်းအားကောင်းနေ

ပြီးခဲ့တဲ့အပတ်တုန်းက လုပ်ခဲ့တဲ့ SXSW ပွဲတစ်ခုမှာ Bluesky CEO Jay Graber တက်ရောက်ဟောပြောခဲ့တုန်းက ပွဲကိုဝတ်လာတဲ့အင်္ကျီက လောလောဆယ် BlueSky မှာ အတော်လေးရောင်းအားကောင်းနေတယ်လို့ ဆိုပါတယ်။ ဘာထူးခြားလို့လဲဆိုတော့ Meta CEO မတ်ဇူကာဘတ်ကို အနည်းငယ်လှောင်ပြောင်သရော်တဲ့စာသားပါဝင်တဲ့ အင်္ကျီဖြစ်တာကြောင့်ပါ။ 

ဒီအင်္ကျီပုံစံ အင်တာနက်ပေါ်မှာ ပျံ့သွားပြီးနောက်မှာလည်း အတော်လေးပွဲဆူသွားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း လူအများစုက သဘောကျခဲ့တယ်လို့ပဲပြောရမလား။ BlueSky ကို အဲ့ဒီအင်္ကျီကို ထုတ်လုပ်ရောင်းချဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

BlueSky ဘက်ကလည်း တစ်ထည် ဒေါ်လာ ၄၀ နဲ့ရောင်းချခဲ့ပါတယ်။ အံ့ဩဖို့ကောင်းတာက ပထမတစ်သုတ်ရောင်းချမှုမှာတင် ရောင်းအားကောင်းခဲ့တဲ့အပြင် တစ်ရက်အတွင်းရောင်းချမှုက ကုမ္ပဏီရဲ့Custom Domain ရောင်းအားထက် ၂ နှစ်စာနီးပါး အမြတ်ငွေရခဲ့တယ်လို့တောင် ဆိုပါတယ်။ 

Bluesky ဟာ အော်ဒါများကို ထပ်မံ လက်ခံနိုင်ဖို့ Shopify Page ကို ပြန်လည်ဖွင့်ခဲ့တဲ့အပြင် တစ်ပတ်ကြာတဲ့အထိ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ Bluesky CEO Jay Graber ကတော့ “ကျွန်မတို့ တီရှပ်ကုမ္ပဏီအဖြစ် လမ်းကြောင်းပြောင်းတော့မယ်” လို့တောင် ဟာသအနေနဲ့ ပိုစ့်တင်ခဲ့ပါတယ်။ 

Bluesky CEO Jay Graber က SXSW အခမ်းအနားမှာ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီပေါ်မှာ "Mundus sine Caesaribus" ဆိုတဲ့ လက်တင်ဘာသာစကားဖြစ်ပြီး "ခေတ်သစ်ကာလမှာ ထိန်းချုပ်သူများမရှိသင့်" ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘာလို့ ဇူကာဘတ်ကို လှောင်တဲ့အင်္ကျီဖြစ်တာလဲဆိုတော့ ဇူကာဘတ်က အရင်တုန်းက "Aut Zuck aut nihil" ("Zuck သို့မဟုတ် မရှိခြင်း") ဆိုတဲ့ Latin စာသားပါတဲ့ အင်္ကျီ ဝတ်ခဲ့ဖူးတာကြောင့်ပါ။