ဗလင်စီယာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှ်ဗီလီက သူ့ကို ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီယပ်စ် ပယ်နယ်တီလောင်းကြေးမပေးချေရသေးဘူးလို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်(၁၃)မိနစ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘာပေကို ဗလင်စီယာနောက်ခံလူ တာရီဂါက ဂိုးဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းပယ်နယ်တီရခဲ့ပေမယ့် ဗင်နီစီယပ်စ်ရဲ့ကန်သွင်းမှုကို ဂိုးသမား မာမာဒက်ရှ်ဗီလီကာကွယ်နိုင်ခဲ့တာပါ။

မာမာဒက်ရှ်ဗီလီက သူဟာ ပယ်နယ်တီကာကွယ်နိုင်မှုကြောင့် လောင်းကြေးယူရို(၅၀)အနိုင်ရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ မာမာဒက်ရှ်ဗီလီက "ကျွန်တော် ဗင်နီစီယပ်စ်နဲ့ စကားပြောခဲ့ပြီး ယူရို(၅၀)အနိုင်ရခဲ့ပါတယ်။ ယူရို(၅၀)နဲ့လောင်းချင်လားလို့ သူ့ကိုမေးတော့ သူက ရတယ်လို့ပြောခဲ့ပြီး ဒါကြောင့် ကျွန်တော်အနိုင်ရခဲ့ပါတယ်။ ပွဲပြီးရင်ပေးရမှာဖြစ်ပေမယ့် သူမပေးရသေးဘူး"လို့ ဆိုခဲ့တာပါ။

ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့မယ့် ဂိုးသမားမာမာဒက်ရှ်ဗီလီဟာ ဒီပွဲမှာ ဗလင်စီယာအသင်းအတွက် အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု(၈)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မာမာဒက်ရှ်ဗီလီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျော်ဂျီယာအသင်းအတွက် လက်စွမ်းပြသနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ သူ့ကိုအသင်းရဲ့နံပတ်တစ်ဂိုးသမားအဖြစ် ရေရှည်အသုံးပြုနိုင်ဖို့ခေါ်ယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ သရေလဒ်ကြောင့် စပိန်လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့(၄)မှတ်အကွာ အဆင့်(၂)နေရာမှာရပ်တည်နေပြီး ဗလင်စီယာအသင်းက အဆင့်(၁၅)နေရာမှာ ရပ်တည်နေပါတယ်။