Gymသွား၊ လေ့ကျင့်ခန်းတွေလုပ်ပြီး သက်လုံကောင်းကောင်းအောင်၊ ကြွက်သားတက်အောင် လေ့ကျင့်ကြသလို မျိုးလူ့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဦးနှောက်ကိုလည်း ပုံမှန်လေ့ကျင့်ခန်း လေးတွေလုပ်ပေးပြီး မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်နိုင်ပါတယ်။
ဒီလိုမျိုး ဦးနှောက်ရဲ့မှတ်မိနိုင်စွမ်းကို ပုံမှန်လ့ကျင့်ပေးခြင်းကြောင့် လူအများနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာ "လူကိုပဲမှတ်မိပြီး နာမည်ကိုမမှတ်မိဘူး" ဆိုတဲ့ မျက်နှာပူစရာအခြေအနေတွေကနေ ကင်းလွတ်နိုင်သလို ကိုယ်လေ့လာချင်တဲ့အကြောင်းတွေ၊ ဝါသနာတွေကိုလည်း အချိန်တိုတိုနဲ့ တတ်မြောက်နိုင်ပါတယ်။ ပိုပြီးထူးခြားတာကတော့ ဦးနှောက်ကို လေ့ကျင့်ပေးခြင်းက အိုမင်း ရင့်လျော်စေတဲ့ ရောဂါတွေ၊ ဦးနှောက်ပုံမှန် အလုပ်မလုပ်တဲ့ဝေဒနာတွေ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေနိုင်ပါတယ်။

၁၊ မှတ်ဉာဏ်တွေနဲ့ အလုပ်လုပ်ပါ

မနေ့က ဘာစားခဲ့တယ်၊ အရင်တစ်ပတ်က ဘယ်သွားခဲ့တယ်ဆိုတဲ့ အသေးအမွှားလေးတွေကအစ မှတ်ဉာဏ်လေး တွေကို recall ပြန်ခေါ်ပါ။ ။ မှတ်ဉာဏ်တွေနဲ့အလုပ်လုပ်တဲ့နေရာမှာ တစ်နေ့တာ ဆောင်ရွက်ခဲ့တဲ့အရာတွေ၊ တာဝန်ယူထားရတဲ့ အပိုင်းတွေကို To do list လုပ်တာတွေ၊ စိတ်ကူးနဲ့ပြန်ပုံ ဖော်တွေးတာတွေ ကအစ အကျုံးဝင် ပါတယ်။ ဒီလိုပြန်လည်တွေးပေးခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ အချက်အလက်များ လက်ခံ ရယူခြင်း၊ မှတ်သားခြင်း၊ တွေးတောဆင်ခြင်ခြင်းတွေကို တိုးတက်စေဖို့အတွက် အထောက်အကူပေးပါတယ်။

၂၊ မတူညီတဲ့အလုပ်တွေကို ထပ်တလဲလဲလုပ်ပေးပါ

သင်က အချိန်ဆွဲတတ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင် သတိလေးထားပြီး အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး ပြီးမြောက်အောင်လုပ်ကြည့်ပါ။  အလုပ်တွေကို ပိုပြီးမြောက်အောင်လုပ်လာလေ၊ အလုပ်တစ်ခုပြီးမြောက်ဖို့ နောက်ဆုံးအချိန်ထိစောင့်နေစရာမလိုဘူးဆိုတဲ့အကြောင်း ဦးနှောက်ကို တဖြည်းဖြည်းချင်း သင်ကြားပေးနေရာရောက်ပါတယ်။

၃၊ အသစ်အသစ်တွေကို လေ့လာပါ

ဒါကတော့ အားလုံးပဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဦးနှောက်ကို ဖွံ့ဖြိုးဖို့လေ့ကျင့်ပေးတဲ့နေရာမှာ ဦးနှောက်ကို များများခိုင်းပေးဖို့၊ အသုံးချပေးတတ်ဖို့လည်း လိုပါတယ်။ ဥပမာ - တူရိယာတစ်ခုခုကို တီးဖို့သင်ယူတာ၊ ဘာသာစကားအသစ် ကိုလေ့လာခြင်း တွေဟာ တွေးခေါ်မှုအသစ်တွေကို ဖြစ်ပေါ်စေပြီး သင့်ရဲ့အတွေး၊ အပြုအမူတွေကို ပြောင်းလဲစေနိုင်ပါတယ်။

၄၊ ဦးနှောက်ကို လေ့ကျင့်ပေးတဲ့အစီအစဉ်တွေကို လိုက်လုပ်ပါ

အင်တာနက်အလွယ်တကူအသုံးပြုလို့ရတဲ့ခေတ်မှာ ရှင်သန်ခွင့်ရတဲ့လူတစ်ယောက်အနေနဲ့ ဒီလိုအစီအစဉ်တွေကို ရှာဖွေဖို့က မခက်ခဲပါဘူး။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ အချက်အလက်တွေကို ဆန်းစစ်ပေးတဲ့ စစ်ဆေးမှုတွေ၊ ဂိမ်းတွေကနေတစ်ဆင့်လည်း ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ပါတယ်။

၅၊ ခန္ဓာကိုယ်ကို အလုပ်လုပ်ပါ

ခန္ဓာကိုယ်ကို လှုပ်ရှားပေးတာကလည်း ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် တစ်ထောင့်တစ်နေရာက အထောက်အပံ့ပေး ပါတယ်။ကိုယ်အားသန်ရာ အားကစားတစ်ခုခု ကစားပေးခြင်းတွေကလည်း ခန္ဓာကိုယ်ကိုသာမက ဦးနှောက်ရဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းတွေကို ပိုမိုလျင်မြန်ဖျတ်လတ်စေနိုင်ပါတယ်။

၆၊ ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ကုန်ပါ

ကိုယ့်သူငယ်ချင်းတွေ၊ ချစ်ခင်ရတဲ့သူတွေနဲ့ ရှိနေတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ပေါ့ပါးတဲ့စိတ်ခံစားချက်ဟာလည်း သင့်ရဲ့စဉ်းစားတွေးခေါ်နိုင်မှုတွေကို ပိုပြီးကြည်လင်စေပါတယ်။

၇၊ မှန်ကန်တဲ့အစားအစာတွေကို စားပါ

ဦးနှောက်ရဲ့မှတ်နိုင်စွမ်းကို အထောက်အကူဖြစ်စေတဲ့ ငါး၊ လတ်ဆတ်တဲ့သစ်သီး၊ အရွက် အစရှိတဲ့အစားအသောက်တွေကို ဂရုတစိုက်စားပေးသင့်ပါတယ်။ ဒါ့အပြင်ချောကလက်ကို စားသုံးပေးခြင်းကလည်း ဦးနှောက်ရဲ့စွမ်းဆောင်နိုင်စွမ်းတွေကို ပိုမြင့်တက်စေနိုင်ပါတယ်။ ချောကလက်စားတဲ့အခါမှာ ထွက်လာတဲ့ Dopamineဆိုတဲ့ဓာတ်က လေ့လာသင်ယူနိုင်စွမ်းနဲ့ မှတ်သားနိုင်စွမ်းကို တိုးတက်စေလို့ပါ။

ကဲ… ချောကလက်တစ်တောင့် စစားတာကနေဖြစ်ဖြစ် စပြီး ဦးနှောက်ကို လေ့ကျင့်ပေးလိုက်ရအောင်….

Alice