စာချုပ်ဆွေးနွေးမှုတွေကို ရပ်တန့်ပြီး အယ်လ်နာဆာအသင်းမှာ စီရော်နယ်ဒိုရဲ့အနာဂတ်မရေမရာဖြစ်နေ

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို ရပ်တန့်ထားတာကြောင့် အသင်းမှာ သူ့ရဲ့အနာဂတ်မရေမရာဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ စီရော်နယ်ဒိုရဲ့လက်ရှိစာချုပ်ဟာ (၂)လသာကျန်ရှိတော့တာပါ။

စပိန်သတင်းစာမာကာက စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်ထားပေမယ့် အသင်းရဲ့ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ရုန်းကန်ရမှုတွေကြောင့် စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှုတွေကို ရပ်တန့်ထားတယ်လို့ဖော်ပြခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ဦးဆောင်ထားသလို အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရန်ကို အားဖြည့်ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယားအဆင့်(၄)နေရာအထိ ကျဆင်းသွားခဲ့တာပါ။ အယ်လ်နာဆာအသင်းအနေနဲ့ ရာသီကုန်အထိ ဒီအဆင့်မှာရပ်တည်ခဲ့မယ်ဆိုရင် လာမယ့်ရာသီအာရှချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ဆုံးရှုံးမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ပွဲစဉ်က အသင်းရလဒ်ကို အလွန်စိတ်ပျက်နေပြီး သူ့ရဲ့ဝတ်စုံကိုတောင်မလဲဘဲ အားကစားကွင်းကနေ ထွက်ခွာသွားခဲ့တာပါ။ အသက်(၄၀)နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် (၁၀၉)ပွဲပါဝင်ကစားထားပြီး (၉၇)ဂိုးသွင်းယူထားပါတယ်။