ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူးမူလာအတွက် လျှို့ဝှက်အစီအစဉ်တစ်ခုရှိနေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားပါတယ်။
မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုသက်တမ်းတိုးစာချုပ်ချုပ်ပြီး နောက်ထပ်တစ်ရာသီဆက်ထိန်းသိမ်းဖို့ မျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့လုပ်ခလစာတောင်းဆိုမှုများလို့ ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်ကမ်းလှမ်းမှုကို ရုပ်သိမ်းခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီနည်းပြကွန်ပနီလက်ထက်မှာ အသုံးပြုမူနည်းပါးပြီး တစ်နှစ်လုပ်ခလစာပေါင်(၁၄.၂)သန်းပေးချေနေရတဲ့ မူလာကို အသင်းမှာ ဆက်မထိန်းသိမ်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ မူလာကို ဆက်ထိန်းထားချင်တဲ့ အချက်တွေရှိနေပြီး အားလုံးအတွက် အကျိုးရှိစေမယ့် အစီအစဉ်ကို ချမှတ်ထားတယ်လို့ သိရပါတယ်။ မေဂျာလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုတွေရှိနေတဲ့ မူလာကို ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့မိတ်ဖက်ကလပ်ဖြစ်တဲ့ LAFC ထံ စေလွှတ်ဖို့ ကြိုးပမ်းနေတယ်လို့ Bild ကဖော်ပြထားတာပါ။
မူလာသာ ဒီအပြောင်းအရွှေ့ကို ပြုလုပ်ခဲ့ရင် သူဟာ အမေရိကန်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့သံတမန်ဖြစ်လာဖို့ရှိနေပြီး သူတို့ရဲ့အကျိုးစီးပွားကို ပိုပြီးတိုးသွားစေမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် ၂၀၀၉ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့တဲ့ မူလာဟာ ပြိုင်ပွဲစုံပွဲပေါင်း(၇၄၂)ပွဲကစားထားပြီး (၂၄၇)ဂိုးသွင်းယူကာ ဘွန်ဒစ်လီဂါဖလား(၁၂)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာပါ။
အသက်(၃၅)နှစ်အရွယ်ရှိ မူလာဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် (၁၃၁)ပွဲကစားခဲ့ပြီး (၄၅)ဂိုးသွင်းယူကာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာနိုင်ငံအသင်းက အနားယူခဲ့တာဖြစ်ပါတယ်။
Discussion