အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းနောက်ဆုံး(၂)နှစ်ထဲကို ရောက်ရှိလာတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆာကာနဲ့ စာချုပ်သစ်အတွက် တရားဝင်ဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ခွဲစိတ်မှုခံယူခဲ့ရတဲ့ ဆာကာဟာ အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်ခြင်းမရှိသေးတာပါ။

ဆာကာဟာ အာဆင်နယ်အသင်းမှာ အရေးပါတဲ့ကစားသမားဖြစ်တာကြောင့် အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာကာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာမှုတွေကို ရှောင်ချင်တဲ့အတွက် ကာလရှည်ရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။ အသက်(၂၃)နှစ်အရွယ်ရှိ ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၂ ခုနှစ်က စာချုပ်သစ်ချုပ်ခဲ့ပြီး တစ်ရာသီကို အနည်းဆုံးပေါင်(၁၀)သန်း ရရှိနေတာဖြစ်ပါတယ်။

ဆာကာရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၆-၂၇ ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ အာဆင်နယ်အသင်းဟာ စာချုပ်သစ်အတွက် တရားဝင်ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ချင်နေတာပါ။ မန်စီးတီးအသင်းဟာ ဆာကာကိုခေါ်ယူဖို့ အရင်က စိတ်ဝင်စားခဲ့သလို အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်အဆင်မပြေရင် ထပ်ပြီးကြိုးစားလာနိုင်တာဖြစ်ပါတယ်။ ဆာကာဟာ လက်ရှိအချိန်မှာတော့ စာချုပ်သစ်ထက် အာဆင်နယ်အသင်းအတွက် အမြန်ဆုံးပြန်ကစားနိုင်ဖို့ကို အာရုံစိုက်နေတာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆာကာဟာ အခုလာမယ့်နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ဧပြီ(၁)ရက်မှာ ဖူလ်ဟမ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion